Sunday, August 17, 2014

ဗို့အားကျခြင်း၏ သက်ရောက်မှုများ


Written by: တက္ကသိုလ်မိုးဝါ
လျှပ်စစ်ဓာတ်အားပေးပို့မှု မမှန်ခြင်း၊ ပရမ်းပတာမီးသွယ်၍ ဖြန့်ဖြူးမှု စနစ်မကျခြင်း စသည်တို့ကြောင့် သုံးစွဲသူထံသို့ ရောက်ရှိသည့် ဗို့အား(မီးအား) ပမာဏ လိုအပ်သည်ထက် များစွာနိမ့်ကျမည်ဆိုပါက လျှပ်စစ်ကိရိယာတို့အား ဆိုးရွားသော သက်ရောက်မှု များစွာဖြစ်စေမည်။ ဤဆောင်းပါးတွင် နေအိမ်၊ ရုံး၊ စက်ရုံများ၌ အသုံးပြုသည့် လျှပ်စစ်မော်တာများ၊ ပန့်များ မည်သို့ထိခိုက် ပျက်စီးနိုင်ကြောင်း ရေးမည်ဖြစ်သည်။

ကြားဖြတ်၍ လူအများ အမှတ်မှား၊ ယူဆမှားနေကြသော ‘ဝိုင်ယာရှော့ခ်’ (Wire Shock) အသုံးအနှုန်းကို ရှင်းလိုပါသည်။ အမှန်စင်စစ် ဝိုင်ယာရှော့ခ်ဖြစ်သည် မဟုတ်ပါ။ ဝိုင်ယာရှော့ထ်(Wire Short)သာဖြစ်သည်။ မီးကြိုးတွင် အပူကြိုး (လျှပ်စစ်စီးသောကြိုး)နှင့် အအေးကြိုး(လျှပ်စစ်မစီးသော နျူထရယ်လ်ကြိုး) ရှိရာ ထိုကြိုးနှစ်ချောင်းပေါက်ပြဲ၍ ပူးကပ်ထိမိသွားသောအခါ ပတ်လမ်းတို (Short Circuit)ဖြစ်သွား၏။ မီးကြိုးအတိုဆုံး အခြေအနေသို့ ရောက်ရှိသွား၍ လျှပ်စစ်ခုခံမှု (Electrical Resistance)သည် ရုတ်တရက် ပမာဏအားဖြင့် သုညဖြစ်သွားကာ လျှပ်စီး(Current) ပမာဏမှာ ရုတ်ခြည်း အတိုင်းအဆမရှိ တအားမြင့်တက်သွားခြင်းကို ရှော့ထ်ဖြစ်သည်ဆိုခြင်း ဖြစ်၏။ အကာအကွယ်အဖြစ် ပတ်လမ်းဖြတ်ခလုတ် (Circuit Breaker) တပ်ဆင်ထားပါက ထိုခလုတ်သည် ချက်ချင်းမဆိုင်းမတွ ပြုတ် (ပွင့်)သွားမည်ဖြစ်ပြီး သုံးစွဲသူနှင့် လျှပ်စစ်ပစ္စည်း ကိရိယာတို့ကို အန္တရာယ် မပြုနိုင်အောင် ခွဲထုတ်ပေးမည်ဖြစ်၏။ ဝိုင်ယာရှော့ထ်ဖြစ်ပြီး မီးလောင်သည်ဆိုခြင်းမှာ ပတ်လမ်းဖြတ်ခလုတ် ကောင်းကောင်းတပ်ဆင် မထားခြင်ကြောင့်လည်း ဖြစ်သည်။ ပတ်လမ်းဖြတ်ခလုတ်၏ လုပ်ဆောင်ချက်မှာ အလွန်မြန်ဆန်သောကြောင့် ဝိုင်ယာကြိုးများ မီးစွဲမလောင်မီကပင် လျှပ်စီးကို ဖြတ်တောက်ပြီးဖြစ်နေပါပြီ။
သို့ဖြစ်၍ ရှော့ထ်(Short)ဖြစ်သည်ဟု ပြောဆိုသုံးစွဲမှသာ အမှန်ဖြစ်ပါမည်။
လျှပ်စစ်မော်တာ(Motor) အမျိုးအစား များစွာရှိသည်နှင့်အမျှ အိမ်သုံးရေတင်ပန့်မှအစ စက်မှုလက်မှု လုပ်ငန်းသုံးနှင့် ကုန်ပစ္စည်းထုတ်သည့် စက်ရုံအကြီးစားအထိ သူ့နေရာ သူ့လိုအပ်ချက်နှင့် အံဝင်ခွင်ကျ မော်တာကို ရွေးချယ်၍ အသုံးပြုရပေသည်။ မည်သို့ပင်ဖြစ်စေကာမူ မော်တာအားလုံးကို ယင်း၏လုပ်ဆောင်ချက် ဗို့အားလိုအပ်ချက်နှင့် မကိုက်ညီသည့် ဗို့အားပမာဏဖြင့် လည်ပတ်ခိုင်းပါက ယင်း၏စွမ်းဆောင်ရည်နှင့် ကြာရှည်ခံမှုတို့ မုချကျဆင်းစေမည်သာ ဖြစ်သည်။ မော်တာတစ်လုံး၏ တန်ဖိုးသည် မပြောပလောက်သော်လည်း တင်ကြိုမျှော်မှန်း မထားခဲ့သော နေ့စဉ်လုပ်ငန်းလည်ပတ်ခြင်း ရပ်တန့်ထားရမှုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုသည်သာပို၍ ကြီးမားမည်ဖြစ်သည်။
ဗို့အားကျမှု(မီးအားကျမှု)သည် အကြမ်းအားဖြင့် နှစ်မျိုးရှိ၏။ ရုတ်ခြည်းခဏ ဗို့အားကျမှု(Dip)နှင့် ကြာရှည်တည်တံ့သော ဗို့အားကျမှု(Sag)ဟူ၍ ဖြစ်သည်။ ဝန်သယ်ဆောင်နေသည့် မော်တာတစ်လုံး လည်ပတ်နေစဉ် ဗို့အားကျသွားသည်နှင့် အတွင်းရှိ လျှပ်စီးပမာဏ ချက်ချင်းဆိုသလို တက်လာမည်။ တက်လာသောလျှပ်စီးကြောင့် မော်တာတွင်း၌ အပူချိန် တက်လာသည့်အတွက် ကာလတာရှည်လျှင် မော်တာ၏ လျှပ်စစ်နန်းကြိုးများ အားပတ်ထားသည့် လျှပ်တားပစ္စည်း (Insulation)တို့လည်း ပျော်ဝင်ပျက်စီး၍ နန်းကြိုးများအချင်းချင်း ထိကပ်ရှော့ထ်ဖြစ်ပြီး လောင်ကျွမ်းသွားမည်ဖြစ်၏။ ကိန်းဂဏန်းဖြင့် တွက်ချက်ကြည့်ရပါလျှင် ဗို့အား ၁ဝ ရာခိုင်နှုန်း ကျသည်ဆိုပါစို့။ ၂၃ဝ ဗို့ထဲမှ ၁ဝ ရာခိုင်နှုန်းကျလျှင် ၂ဝ၇ ဗို့ကျန်မည်။ အဆိုပါ ၂ဝ၇ ဗို့ဖြင့် လုပ်ဆောင်ပါက မော်တာအတွက် လိုအပ်မည့် အစဦးလည်စွမ်းအား (Starting Torque)သည် မလုံမလောက်ဖြစ်သောကြောင့် ကြီးမားသောဝန်နှင့် ချိတ်ဆက်ထားပါက မော်တာစလည်ရန် အခက်အခဲ ရှိနေပေလိမ့်မည်။

ပုံမှန်သတ်မှတ်ပမာဏထက် ဗို့အားမြင့်တက်လျှင် လျှပ်စီးစီးမှုနည်းသွားပြီး မော်တာတွင်းအပူချိန် လျော့နည်းသွားလိမ့်မည်ဟု သာမန်အားဖြင့် ထင်နေလိမ့်မည်။ အမှန်စင်စစ် ယင်းသို့မဟုတ်ပါ။ ဤဗို့အားမြင့်တက်မှုက မော်တာတွင်းရှိ သံအူတိုင်များအား သံလိုက်ဓာတ်ပြည့်ဝခြင်း အခြေသို့ တွန်းပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် မော်တာပုံမှန် အလုပ်လုပ်ရန် သံအူတိုင်များသည် သံလိုက်ဓာတ် ပိုမိုလိုအပ်လာသောကြောင့် လျှပ်စီးပမာဏသည် အလိုအလျောက် မြင့်တက်သွား၏။ မြင့်တက်သွားသော လျှပ်စီးက အပူချိန်ကို ပိုမိုဖြစ်လာစေသည်။

ဗို့အားအတက်အကျ ဖြစ်ပွားမှုကြောင့် အခြားလျှပ်စစ်သံလိုက်သုံး ပစ္စည်းကိရိယာများ၏ သက်တမ်းကိုလည်း တိုတောင်းသွားစေသည်။ မီးချောင်းတွင်သုံးသော ချုတ် (Ballast)များ၊ သံလိုက်ခွေ(Solenoid)များ၊ ထရန်စဖော်မာများ၊ ရီလေး(Relay)ခလုတ်များ၊ စသည်တို့မှာ သံလိုက်အူတိုင်ကို တစ်နည်းနည်းဖြင့် သုံးထားသည်ဖြစ်၍ ဗို့အားအတက်အကျ မမှန်မှုကြောင့် ကိရိယာသက်တမ်း ထက်ဝက်ခန့်သို့ ကျဆင်းသွားတတ်ကြသည်။

သံရည်ကျို လျှပ်စစ်မီးပန်းကူး မီးပြင်းဖို (Electric Furnace) (အပူချိန် ၂ဝဝဝ ဒီဂရီဆဲလ်စီးယပ်စ်)များတွင် ဗို့အားကျမှု ဖြစ်ပေါ်ပါက ယင်းမီးပြင်းဖိုအား တစ်စုံတစ်ရာ ထိခိုက်ခြင်း မဖြစ်စေနိုင်သော်လည်း ကုန်ထုတ်လုပ်မှုကို နှောင့်နှေးသွားစေမည့်အပြင် ကုန်ထုတ်လုပ်စရိတ်ကိုလည်း မြင့်တက်သွားစေမည် ဖြစ်သည်။

သတင်းအချက်အလက် နည်းပညာခေတ်တွင် ဗို့အားကျမှုကြောင့် ကွန်ပျူတာ၊ PLC (Programmable Logic Controller)ကဲ့သို့သော အီလက်ထရွန်နစ် ပစ္စည်းများအား ရုတ်တရက် အလုပ်မလုပ်ဘဲ ရပ်တန့်သွားစေနိုင်သည်။ ယင်းသို့ဖြစ်ခြင်းကြောင့် အရေးပါ သတင်းအချက်အလက်များ ပျောက်ဆုံးသွားခြင်း၊ အပူလွန်မှုကြောင့် ပစ္စည်းကိရိယာများ ပျက်စီးခြင်း စသည်တို့ ဖြစ်ပွားနိုင်လေသည်။
လျှပ်စစ်မော်တာသည် လျှပ်စစ်စွမ်းအင်မှ စက်မှုစွမ်းအင်သို့ ပြောင်းပေးသော စက်ကိရိယာဖြစ်သည်။ အကြီးစား စက်မှုလုပ်ငန်းသုံးမှစပြီး ပန်ကာ၊ နာရီ၊ ကွန်ပျူတာဟတ်ဒရိုက်ဗ် (Hard Drive)၊ စာရိုက်စက်(Printer)၊ စသည်တို့၌သုံးသော သေးငယ်သည့် မော်တာများအထိ မော်တာအမျိုးအစားပေါင်း ဆယ်ချီ၍ရှိသည်။ ဒီစီဓာတ်ခဲဖြင့် လည်ပတ်သော စီဒီ၊ ဒီဗီဒီ၊ ဓာတ်ပြားဖွင့်စက်၊ လက်ကိုင်ဖောက်စက်၊ သစ်သီးဖျော်စက်၊ ဖုန်စုပ်စက်တို့တွင်လည်း မော်တာအသေးစားများသည် အသုံးဝင်လှသည်။
အထူးပြုမော်တာ (Specialty Motor) စာရင်းဝင် ‘တစ်ထစ်ရွေ့မော်တာ’ (Stepper Motor) မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ထိုမော်တာ၏ လည်ပတ်ခြင်း တစ်ပတ်တိတိကို အထစ်ပေါင်းအညီအမျှ ခွဲဝေထားပြီး လျှပ်စစ်တစ်ချက် ပို့လွှတ်လိုက်တိုင်း မော်တာသည် တစ်ထစ်ရွေ့သွား၏။ ယင်းသို့ဖြင့် လိုအပ်သော ရွေ့လျားမှုကို အတိအကျ ထိန်းပေးနိုင်ခြင်းဖြစ်သည်။ တစ်ထစ်ရွေ့ မော်တာအမျိုးအစားကို ကွန်ပျူတာစာရိုက်စက်များတွင် လည်းကောင်း၊ စက်မှုသုံး ကိရိယာ တန်ဆာပလာများတွင်လည်းကောင်း တိကျအံကိုက်မှု လိုအပ်သည့်နေရာများ၌ တပ်ဆင်အသုံးပြုကြသည်။
ဗို့အားကျမှုကြောင့် လုပ်ငန်းမှန်သမျှ မော်တာအနည်းနှင့်အများ အသုံးပြုရသဖြင့် ပစ္စည်းကိရိယာများကို မြန်ဆန်စွာ ပျက်စီးယိုယွင်းစေရုံမျှမက လုပ်ငန်းဖြစ်စဉ် အဆင်ပြေချောမွေ့မှုကိုလည်း အနှောင့်အယှက် ဖြစ်စေသည်။

ဗို့အားအလွန်အမင်း ကျသွားသည်ဆိုပါက မော်တာများအား ကာကွယ်ရန် အထိန်းအညှိအဖြစ် တပ်ဆင်ထားသော အော်တိုထရန်စဖော်မာပင်လျှင် လျှပ်စီးလွန်ကြောင့် လောင်ကျွမ်းသွားနိုင်သည်။
ဤဆောင်းပါးတွင်ပါရှိသည့် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ လူအများနားလည် သဘောပေါက်လွယ်စေရန် ရည်ရွယ်၍ ရေးထားခြင်းဖြစ်သောကြောင့် အချို့နေရာတို့၌ တိကျမှန်ကန်မှု အားနည်းကောင်း အားနည်းနေပါမည်။ ဆောင်းပါးနေရာရရန် အခက်အခဲလည်း ရှိသောကြောင့် ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြနိုင်ခြင်း မရှိသည်ကိုလည်း နားလည်ကြမည်ဟု မျှော်လင့်မိပါသည်။

အလျဉ်းသင့်လျှင် ဗို့အားကျမှုက အီလက်ထရွန်နစ် ပစ္စည်းကိရိယာများအပေါ် ဆိုးကျိုးမည်သို့ သက်ရောက်မည်ဆိုသည်ကို ရေးသားတင်ဆက်ပါဦးမည်။

Source : https://www.facebook.com/ElevenMediaGroup/photos/a.211329105571387.50706.114803668557265/715518988485727/?type=1

No comments:

Post a Comment