Sunday, August 17, 2014

တယောက်မှ မကြိုက်ရင် ၂၀ ပေးရတဲ့ အော်ဇီရွေးကောက်ပွဲ

I confirmed that the government of Australia has changed  . . .
အသံ ခပ်တုန်တုန် နဲ့ ပြောလိုက်တဲ့ သြစတြေလျ လစ်ဘရယ်ပါတီခေါင်းဆောင် တိုနီအဲဘတ် ရဲ့ မိန့်ခွန်း မှာ၊ အပျော်တွေ ဘယ်လောက် စွတ် နေမယ်ဆိုတာမေးစရာပင် မလိုပါ။ ပြုံးနေတဲ့ သူ့မျက်နှာ ဘေး မှာ ၊ ပြုံးနေတဲ့ သူ့မိသားစု သမီး သုံးယောက်ရဲ့အပြုံးတွေ။ တကယ်တော့ ၊ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မူ နဲ့ အားကစားလှုပ်ရှားမူတွေကိုအမြဲ ဂုဏ်ယူနေတတ်တဲ့  ပြုံးဖြဲဖြဲမျက်နှာ ရယ်.. . လေဘာပါတီ ကို ပြောစရာ တခု ရသွားတိုင်း အားရနေတတ်တဲ့ မျက်နှာပြုံးစပ်စပ် ရယ်ကို မကြာခဏ ဆိုသလို မြင်နေကြ ဖြစ်နေပြီမို့ ၊ အခု မဲ အနိုင်ရသွားတဲ့ သူ့မျက်နှာဟာထူးပြီးတော့  ပြုံးပျော်နေတယ်လို့ မထင်မိတော့။

အဲဒီလိုပဲ ၊ မဲ ရှုံးသွားတဲ့ လေဘာပါတီ ခေါင်းဆောင်ကီဗင်ရုဒ် မျက်နှာကို ကြည့်တော့လည်း ၊ တလျှောက်လုံး မကျေမနပ်မူတွေနဲ့ မဲ့ ခွက်လာခဲ့ ပြီးမှတော့ ၊ ထပ်ပြီး မဲ့ စရာ ရှိတော့ဟန်မတူ ။ အကောင်းဆုံး အတိုက်အခံ အဖြစ်ဆက်လက်ကြိုးစားသွားမယ်လို့ ထူးခြားစွာပင် ပြုံး ပြီး ပြောနေ ပေမဲ့လည်း  မဲ့ပြုံး သာ ဖြစ်တော့သည်။ အရင်တခေါက် ၀န်ကြီးချုပ်အဖြစ်ကနေဆင်းရတုန်းက မျက်ရည်ကျ ခဲ့သလို များ ဖြစ်အုံးမလားလို့ စိတ်ပူပန်နေပုံ ရတဲ့ သူ့အမျိုးသမီးက၊ဘေးမှာ အရိပ်တကြည့်ကြည့်။ မကြာလှသေးခင် လေးငါးလ တုန်းကမှ ၀န်ကြီးချုပ် ပြန်ဖြစ်လာရတဲ့သူ ၊ အခုတော့..နောက်ထပ် တဖန် ၀န်ကြီးချုပ်အဖြစ်က ဆင်းပေးရပေအုံးမည်။ ရွေးကောက်ပွဲရှုံးရတဲ့ အပြင် ၊ အားလုံးက ဒီအရှုံးအတွက် သူ့မှာ တာဝန်ရှိတယ် ဆိုပြီး ပါတီခေါင်းဆောင်အဖြစ်တောင်အလိုမရှိ နေ တော့တဲ့ ၊ သူ့အဖြစ်က ဆိုးတော့ ဆိုးလှသည်။ သူကိုယ်တိုင်ကလည်း ဒီ အရှုံးအတွက်သူ့မှာ တာဝန်ရှိတယ်လို့ ၀န်ခံ ပါသည်။ ဒီမိုကရေစီ ဆိုတာမှာ နိုင်ငံရေး လောကဓံ ကိုလည်းခံနိုင်ရည်ရှိ ဦးမှကိုး ။

ပြောလည်း ပြောချင်စရာ ကောင်းလောက်အောင် လေဘာပါတီမှာသူ့ ပြသာနာတွေနဲ့ သူ ရှုပ်ထွေးနေခဲ့သည်။ ရှားရှားပါးပါး အနိုင်ရ ခဲ့တဲ့ ၆ နှစ်တာ ကာလသက်တမ်းလေးကို ဒီ့ထက်ရှည်အောင် ဆက်မဆွဲဆန့် နိုင်ခဲ့။ ကိုယ်တွေ သြစတြေလျ ကို စရောက်တော့.. . ဂျွန်ဟားဝဒ် အဘိုးကြီးရဲ့ လစ်ဘရယ်ညွန့်ပေါင်းအစိုးရ က၊ သက်တမ်း တော်တော် ရင့်နေပြီ။  လုံခြုံရေး သုံး လေးယောက် လောက် နဲ့ ညနေတိုင်းလမ်းလျှောက်တတ်တဲ့ ၀န်ကြီးချုပ် အဘိုးကြီးကို ၊ အားကစားဝတ်စုံ ကြီးနဲ့ အေးဆေးပဲလမ်းလျှောက် နေတာ မြင်တော့ သဘောတွေ ကျ ခဲ့မိသေးတယ်။ နောက်တော့. . . ၀န်ကြီးချုပ်မပြောနဲ့. . . သြစတြေလျ တနိုင်ငံလုံး  သာတူညီမျှစနစ်အောက်မှာ ဆင်းရဲ ချမ်းသာ မကွာလှ မခွဲခြားလှပဲ ရိုးရိုးရှင်းရှင်း နေထိုင်ကြတာကို ၊ တွေ့လာရတော့၊ ဆရာကြီး ရွှေဥဒေါင်း လိုချင်တဲ့ လွတ်လပ် မျှတ တဲ့ ဆိုရှယ်လစ်လူ့ဘောင်ဆိုတာ.. ဒါပဲဟ လို့ သိလာရတော့တယ် ။  အဲ့ဒီတော့လည်း ၂၀၀၈ ခုနှစ်မှာ လက်ဝဲယိမ်းတဲ့ လေဘာပါတီ ထူးထူးခြားခြား အနိုင်ရလာတော့ ၊ တိုင်းပြည်အတွက်ဘာမှပိုပြီး ဆိုရှယ်လစ် ထပ်ဆန်စရာ အကြောင်း မရှိတော့ ။ ဒီလိုပဲ အားလုံး စရိတ်မျှကူ စနစ်နဲ့  လခ များများရတဲ့ လူတွေက အခွန်များများဆက် ထမ်း. . . လခ နည်းတဲ့ လူတွေ ၀င်ငွေ မရှိတဲ့ လူတွေကို အစိုးရ က အဲ့ဒီအခွန်တွေ နဲ့ ပြန် ထောက်ပံ့ ပြန်ပြုစု ပြန်စောင့်ရှောက်. . . ဒါပါပဲ ။ အဲ့ဒီတော့ လေဘာပါတီက နည်းနည်း စတန့် ထွင်ပြီး ၊ လေထုညစ်ညမ်းခ ကာဘွန်အခွန် ကောက်မယ် တို့ ၊  သတ္တုခွန်တွေ တိုးမြှင့်မယ် တို့ ၊ ဆိုပြီး လုပ်လာတယ်။သာမာန်ပြည်သူတွေ ကို ဘာမှမထိခိုက်ဘူး လို့ ယူဆရပေမဲ့ ၊ အခွန်ထိ မဲ့ ကော်ပိုရေးရှင်းကြီးတွေက အကြီးအကျယ်ကို လှုံ့ဆော် ကန့်ကွက်ကြတယ်။ နေ့စဉ် ရက်ဆက် သတင်းစာ အလယ် တမျက်နှာလုံးပြည့်ကြော်ငြာကြီးတွေ ထဲ့ ပြီး သူတို့ ကို အခွန်တိုးရင်. . .  လုပ်ခ လစာတွေ မပေးနိုင်ရင် . . .အလုပ်တွေ လျှော့ရင်. . .  ပြည်သူတွေပဲ ထိခိုက်မယ် လို့  ပြန် ခြိမ်းခြောက်တယ်။ ရေဒီယိုတွေ တီဗွီတွေ မှာနေ့တိုင်း အော်တယ်။

 နောက်တော့ အဲ့ဒီ အကြောင်းရင်းခံ ကြောင့်ပဲ ၊ လေဘာပါတီ ခေါင်းဆောင်ဝန်ကြီးချုပ် ကီဗင်ရုဒ် ကို သူ့လက်ထောက် ဂျုလီယာဂေးလာ့ဒ် က၊  ပါတီဝင် မဲ နဲ့ဖြုတ်ချပြီး  ပထမဆုံး ကြားဖြတ် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတော့ တယ်။ ဂျုလီယာဂေးလာ့ဒ် က ၊ အဲဒီ Mining Super Profit Tax ကိုနည်းနည်း ညှိပေး ပြီး ပြသာနာကို ဖြေလျော့ပေးလိုက်တယ်။ ဒါပေမဲ့ မိုင်းနင်း ကုမ္ပဏီ ကြီးတွေ ၊ သတ္တုလုပ်ကွက် ပိုင်ရှင်သူဌေးကြီးတွေ အတွက်တော့ လေဘာပါတီ ဦးဆောင်လာတာ ကို ဘယ်လိုမှ ကြည့်မရ ရှုမရ ဖြစ်နေမှာကတော့အသေအချာ ။ ဒီကြားထဲ ၊ အဖြုတ်ခံလိုက်ရတဲ့  ကီဗင်ရုဒ်ကလည်း ၊ နိုင်ငံခြားရေးဝန်ကြီး ပေးထားတာနဲ့ မကျေနပ်နိုင်ဘူး ။ သူ့ကို အကြောခံလိုက်ရတာကိုအခဲမကြေ ဆင်ကြံ ကြံ နေခဲ့တယ် ထင်ပါရဲ့ ။ ဂျုလီယာဂေလဒ်  ၀န်ကြီးချုပ်သက်တမ်း ၃ နှစ်အကြာ မှာ ၊ ဇာတ်လမ်းကပြန်စ တော့ တယ်။

ဒီတခါ တော့ ဂျုလီယာဂေလာ့ဒ် အလှည့်ပဲ ။ ပါတီထဲမှာ မဲ ပြန်ခွဲပြီး ဂျုလီယာဂေလာ့ဒ်ကို ပြန်ဖြုတ်ချ လိုက်ပြန်တယ်။ ဒီတခါတော့ ဂျုလီယာဂေလာ့ဒ် က ပြတ်တယ်။ မျက်နှာကြီးမဲ့ပြီး အီပိတ် ဆင်ကြံကြံနေတဲ့ ကီဗင်ရုဒ် ထက် ပိုပြတ်သားတယ်။ ဒီတခေါက် မဲခွဲ လို့သူရှုံးရင် ပါလီမန်ထဲကို ကို ပြန်ကို မလာတော့ဘူး ဆိုပြီး ၊ တခါတည်း ပျောက်သွားလိုက်တာ၊ အခု သူတို့ပါတီ ကြီး အရှုံးကြီး ရှုံးသွားတဲ့ အချိန်ထိကို သူမ ကို ဘယ်မီဒီယာသတင်းမှာမှ မတွေ့ရ ။ ဒါပေမဲ့ မနေ့ညကတော့ ၊ လပေါင်းများစွာ ညိမ်သက်နေတဲ့ သူ့ ဖေ့စ်ဘွတ် စာမျက်နှာကနေပြီး၊ ကီဗင်ရုဒ် နဲ့ လေဘာပါတီခေါင်းဆောင် တချို့ကိုအားပေးထားတဲ့ ၀ါကျ တချို့ နဲ့ အတူ ၊ အနိုင်ရ ပါတီကို ကွန်ဂရက်ကျုလေးရှင်း လုပ်ထားတဲ့စာကြောင်းလေးတွေ တက်လာခဲ့တယ်။ သူ့ခမျာ . . . ဟို ယောက်ျားကြီး ၂ ယောက်ကသာ ၊ မဲ နိုင်မိန့်ခွန်းမှာရော မဲရှုံး မိန့်ခွန်းမှာပါ ၊ ၀န်ကြီးချုပ်တာဝန် ၃ နှစ် ထမ်းဆောင်ခဲ့တဲ့မိန်းမ တယောက် နာမယ်ကို တခွန်းတပါဒ မှ ၊ ထဲ့မပြောပေမဲ့ လို့ ၊ သူကတော့ ပြောရှာ အားပေးရှာပါတယ်။

ဘာပဲပြောပြော ဒီအမျိုးသမီးကို တော့ သဘောကျမိတယ်။ သူကိုယ်တိုင်အင်္ဂလန်ကနေ ရွှေ့ပြောင်းအခြေချ လာတဲ့ ကျောက်မီးသွေးမိုင်းတူးသမားတယောက်ရဲ့ သမီး အဖြစ်၊ အလုပ်သမား လူတန်းစား နဲ့ သာမန်ပြည်သူတွေရဲ့ အကျိုးကို ပိုကြည့်တာကတော့ သိသာလှသည်။ဝန်ကြီးချုပ်တယောက် ဖြစ်လာလို့ တာဝန်ပိုခံ လာရတာကလွဲ လို့ နေ့စဉ် ပါလီမန်ထဲမှာ သူမ၀တ်နေတဲ့ အပေါ်ဝတ် ကုတ်အကျီ င်္တွေ တောင် မှတ်မိနေရလောက် တဲ့ နိုင်ငံခေါင်းဆောင် လုပ်သူတယောက် ကို မြင်တော့ ၊ မုန့်ဟင်းခါးရောင်းမယ်တို့ ကော်ဖီဆိုင်ဖွင့်တာတို့ ထမင်းဆိုင်ဖွင့်တာတို့  ယာတောအိမ်ကြီးနဲ့ မွေးမြူရေးလုပ်ပြတာတို့ ၊ လယ်သမားတွေမြေသိမ်းတာတွေ ရပ်ပါဆိုပြီး လူလို အသံကောင်းဟစ်ပြီး အစိုးရပိုင် စက်ရုံတွေ မြေတွေကိုလက်သိပ်ထိုး ယူထားတဲ့ မြန်မာပြည်က အသီးသီး အသက သော နိုင်ငံခေါင်းဆောင် ဆိုသူများကိုသတိရမိတယ်။  အဲဒီလို အပေါ်ယံ ရွှေမှုန်ကျဲပြီးအထဲက လောက်ထိုး ချစား နေတဲ့ အုပ်ချုပ်မူ လူနေမူပုံစံ တခုစီကနေ   ပြောင်းရွှေ့ လာသူ တယောက်မို့  ၊ ( အခွန်ထမ်းရတာ လေးလံသော်ငြားလည်း ) သာတူညီမျှဆိုရှယ်လစ်ဝါဒ စစ်စစ်ကို မူအားဖြင့် နှစ်သက်ထောက်ခံ မိတာ ဆန်းတော့မဆန်း ။ ပြီးတော့လတ်တလောမှာ မှ ၊ အလုပ်သမားသမဂ္ဂတွေ ကို စိတ်ဝင်တစား လေ့လာနေမိတော့ ၊  ဒီ တချီ ရွေးကောက်ပွဲ မှာ ၊ လေဘာပါတီ ရှုံးသွားရတာကို ၊ စိတ်တော့ မကောင်းမိဘူး။ ဒီပုံအတိုင်း ဆို နောက်တချီ ပြန်လာဖို့ တောင် မလွယ်။အားလုံးကလည်း ၊ ပါတီတွင်း ခေါင်းဆောင် မညီညွတ်မူကြောင့် ၊ လူထု ရဲ့ ယုံကြည်မူတွေလျော့ပြီး ရွေးကောက်ပွဲ ရှုံးရတယ် ဆိုတာကိုပဲ ထပ်ကာ ထပ်ကာ ပြောနေကြတော့တယ် ။ အင်္ဂလန်ကမီလီဘန် တို့ လေဘာပါတီကတောင် သြစတြေလျ လေဘာပါတီ ကို သင်ခန်းစာ ယူဖို့ သုံးသပ်နေကြရသတဲ့။

ပြောသာ ပြောတယ်။ လေဘာကို မူအားဖြင့် သဘောကျရင်တောင်၊ ဒီ မျက်နှာမဲ့ကြီး နဲ့  ကြိတ်ကြံနေတတ်တဲ့ကီဗင်ရုဒ် ဆက်အနိုင်ရရင် လည်း ၊ လူအားဖြင့်တော့ ၊ စိတ်ပျက်မိမှာပဲ ။ သြစတြေလျ နိုင်ငံရေးများ.. . လူရှား လိုက်ပုံ ။  တဖက်က ပြောင်စပ် စပ်မျက်နှာပေး နဲ့ ကာယဗလ တပြပြ လုပ်နေတဲ့ တိုနီအဲဘတ် ကြီး ၊ တက်လာတော့ လည်း ၊ အခု စိတ်ညစ်ရတာပါပဲ။  အသိ အဖိုးကြီး တယောက်က ဆို . . .  ငါတော့  တယောက်မှမကြိုက်လို့ မဲသွားမပေးဘူး ဒဏ်ကြေးပဲ ဆောင်လိုက်တယ် . . . တဲ့။ ဒီမှာက.. မဲ မပေးမနေရ ကိုး။ တယောက်မှ မကြိုက်လို့ မဲမပေးချင်ရင်တော့ ဒဏ်ငွေ ၂၀ ပဲ ။
တကယ်တော့ ကိုယ်တွေ နေတဲ့ မြို့မှာက ၊ လေဘာ လည်း အားသိပ်မကောင်း၊ လစ်ဘရယ် လည်း အားသိပ်မကောင်းပဲ ၊ နေရှင်နယ် လို့ ခေါ်တဲ့  ပါတီက အစဉ်အလာ ရှိတာ။  ဒါမဲ့ ကိုယ် မှ နေရှင်နယ် မဟုတ်တာ  ၊ နေရှင်နယ်ပါတီ ဆို ပိုတောင် ဝေးရော ။

တကယ်က ဒီနှစ် ၊ ဂျုလီယမ်အာဆမ် ရဲ့  ၀ီကီလိ ပါတီအသစ်ကို စိတ်ဝင်စားနေမိ တာ။ ဖြစ်ချင်တော့သူ့ခမျာ . . . ၀ီကီလိ ကသာ တကမ္ဘာလုံးမှာ ဟိုးဟိုးကျော်ခဲ့ပေမဲ့ ၊ သူ့ ၀ီကီလိ ပါတီလေးမှာဖြင့်၊  မဲက တစ်  ရာနှုံးတောင် မပြည့် ရှာ။  အကယ်လို့ ကံကောင်း မီးကောင်း ပါလီမန် မှာ ၀ီကီလိက ၊ ခုံ တခုံ ရ ရင်တောင် ၊ အီကွေဒေါ သံရုံးထဲက အပြင်ထွက်တာနဲ့ ဖမ်းခံထိ နိုင်တဲ့မစ္စတာ ဂျုလီယမ်အာဆမ် ခမျာ ၊ သူ့ မိခင် သြစတြေလျနိုင်ငံ ကို ဘယ်လို ပြန်လာ ပြီး ၊နိုင်ငံရေးလုပ်မယ်လို့ စိတ်ကူးယဉ် နေခဲ့ လေ သလဲ မသိ။ ခုတော့ အီကွေဒေါ မှာ ပဲ ဆက်နေပေဦးတော့အာဆမ်း ရေ ။

တကယ်တော့လည်း ၊ ဒီမိုကရေစီ လူ့ဘောင် နဲ့ ပါလီမန် စနစ်ကိုအသေအချာ အကျအန တည်ဆောက်ထားပြီး တဲ့ နောက်မှတော့၊ ဘာပါတီပဲ တက်တက် . . . လက်ဝဲပဲ ယိမ်းယိမ်း. . .လယ်ယာပဲ ထိုးထိုး . . . အလယ်ခေါင်ပဲ ကျကျ . . . ဘာမှ ထူးပြီး ကြောင့်ကြစရာ မလိုလှတော့ပါဘူးလေ။နောက်ပြန်သွားမှာ တို့ . . . ချောက်ထဲ ကျခါနီးမှာတို့  ကိုလည်း ပူပင်နေစရာ မရှိ ပါဘူး။ ပြောကြစတမ်းဆို၊ မြန်မာပြည်က ၁၉ ၉ ၀ ဒီမိုကရေစီ ပါတီစုံ ရွေးကောက်ပွဲကြီးမှာ ခြိမ့်ခြိမ့်သဲသဲ အူလှိုက်သဲလှိုက်သောင်ပြိုကမ်းပြို မဲတွေထဲ့ခဲ့  အောင်ပွဲခံခဲ့တာကြီးကို ကြုံဘူး ခဲ့တဲ့  မြန်မာ လူမျိုး တယောက်အနေ နဲ့ တော့ ၊ သြစတြေလျ က ရွေးကောက်ပွဲ ဆိုတာ စိတ်လှုပ်ရှားစရာ နည်းပါးလွန်းလှပါတယ်လေ။အင်းလေ. . .   ဒါကပဲ နိုင်ငံ တနိုင်ငံ ရဲ့တည်ငြိမ်တဲ့ အလှတရား တခု . . . ခိုင်မာတဲ့ ယန္တယားတခု မဟုတ်လား. . . ။

K.ကေသွယ်
၈ ရက် စက်တင်ဘာ ၂၀၁၃

ဒီမိုကရေစီနှင့် အမြစ်တွယ်နေသော . . .

ဒီမိုကရေစီနှင့် အမြစ်တွယ်နေသော ပဋိပက္ခများ၊ စေ့စပ်ဆွေးနွေးသူများ စဉ်းစားရန်မူများ

  International Institute for Democracy and Electoral Assistance က ထုတ်ဝေတဲ့ နောက်ထပ်စာအုပ်ကောင်းတစ်အုပ်။ အားလုံး လေ့လာနိုင်ဖို့ပါ။

Source
Contents
Part I
Part II
Part III

ကျနော်စမ်းမိသော ဆင် (Credit Score)

ခေါင်းစဉ်ကို " ကျနော်စမ်းမိသော ဆင်" လို့ အမည်ပေးရတာကို အရင်ရှင်းပြချင်သည်။  ကျနော်တို့ငယ်ငယ်က သင်ယူရတဲ့ မျက်မမြင်ပုဏ္ဏားကြီးတွေ ဆင်ကိုကိုင်တွယ်ပြီး မိမိစမ်းမိသော အပိုင်းကို ဆင်လို့ ပြောတာလေးကို သတိရမိပြီး။ ကျနော်တို့ အကြားက လူပြောများနေတဲ့ Credit Score အကြောင်းကို ကျနော်ကိုယ်ပိုင် အတွေ့အကြုံများရယ် မိတ်ဆွေ ဘဏ်က၀န်ထမ်း အချို့ ရှင်းပြချက်များရယ် လက်တလောသင်နေရတဲ့ အထဲက The American Character (မိသားစုဘ၀ ဘာသာရေး မွေးဖွါး လက်ထပ် သေဆုံးခြင်း) The Role of Government in the Economy (အမေရိကန်စီးပွါးရေးမှာ အစိုးရ၏ play role) စသည့် အခုနှစ် သင်ရိုးထဲမှာ သင်ရသော ခေါင်းစဉ်အောက်က သိရတာတွေရယ်၊ ကျနော်ကိုယ်တိုင် လိုက်လံလုပ်ကိုင်ပေးတဲ့ တမြို့ထဲသား မိတ်ဆွေများ၏ ပြဿနာများထဲက အတွေ့ကြုံတွေရယ်၊ Credit Bureau သုံးခု၏ ရှင်းလင်းချက်တွေရယ် ပေါင်းပြီး မသိသေးတဲ့လူတွေ သိအောင်ရေးလိုက်ပါတယ်။ အများကြီးသိတဲ့လူတွေက မရေးတော့လဲ နည်းနည်းလေးသိတဲ့ ကျနော်ကပဲ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုသလို မတောက်တခေါက်နဲ့ စုစည်းတင်ပြလိုက်ပါသည်။  အမှားနည်းအောင် အချိန်တော့ယူပြီး စုဆောင်းထားတာ ဖြစ်လို့ အမှားကင်းအောင် မျော်လင့်ထားသော်လည်း မှားယွင်းတာရှိရင်လဲ ၀ိုင်းဝန်းထောက်ပြနိုင်ပါသည်။ လေ့လာရန် အချိန်နည်းသော အမေရိကန်ပြည်ထောင်စုရောက် မြန်မာပြည်သား မိသားစုအားလုံး အတွက်နှင့် ပြည်ပက လေ့လာလိုသူ လူငယ်များ အတွက် ရည်ရွယ်ပါသည်။

အမေရိကန်ပြည်ထောင်စုမှ SSN
အမေရိကန်ပြည်ထောင်စုရှိ ပြည်သူများနဲ့ နိုင်ငံခြားသား အားလုံးကို ထိန်းချုပ်တဲ့ဌာန တခုက SSA ( United States of America Social Security Administration ) ဖြစ်ပါသည်။ သူကဂဏန်းသင်္ကေတ ကိုးလုံးနဲ့ လူတိုင်းကို မှတ်သားထားပြီး။ နိုင်ငံသားမှတ်ပုံတင်ဌာနနှင့် သတ်သတ်စီ သီးခြားစီမံခန့်ခွဲတဲ့ စနစ်ဖြစ်ပါသည်။ မွေးဖွါးခြင်း လက်ထပ်ခြင်း သေဆုံးခြင်း စသည်မှ စပြီး ပုဂ္ဂိုလ်တဦးတယောက်စီ၏ ဆိုင်ရာအချက်အလက်များ (Public Record Profile ) များမှစပြီး ထိုသူ၏ အစိုးရပိုင်းဆိုင်ရာအစီရင်ခံစာ အချက်အလက်များ၊ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရိုဖိုင်များအပါဝင် အထွေထွေ အချက်အလက် မှတ်သားရာတွင် အသုံးပြုသော သင်္ကေတဂဏန်း အမှတ်သားဖြစ်ပါသည်။ ဌာန၏ အကျိုးသက်ရောက်ပုံမှာ လူပုဂ္ဂိုလ်၏ လူမှုရေး စီးပွါးရေး နိုင်ငံရေး ဘဏ်စာရင်း ရာဇ၀တ်မှုမှတ်တမ်း အသက်အာမခံခံစားခွင့် အသက်ပြည့်ပင်စင်စားခွင့် ကျန်းမားရေးပင်စင်စားခွင့် အထိဘယ်နေရာမှမကျန်တဲ့ အကျိုးသက်ရောက်မှုပါ။ ထိုကြောင့်ထို ဂဏန်းကိုးလုံးကို ပြည်သူတွေက အမေရိကန်ဘ၀ လို့ခေါ်ပါသည်။ ထိုကိန်းဂဏန်းများကို ပြောင်းလွဲလို့မရပါဘူး ပြောင်းသွားတာနဲ့ အခြားဘ၀တခုရောက်သွားမှာ ဖြစ်သောကြောင့် ခေါ်တာလို့ ထင်သည်။ လွယ်အောင်ပြောရရင် လူတယောက်ကို ထိန်းချုပ်ထားတဲ့ အဝေးထိန်းခလုပ်တခုပါပဲ ဒီက လူငယ်တွေတော့ Eagle eye on you လို့ခေါ်ကြသည်။ အဲဒါကို Social Security Number (SSN) လို့ခေါ်သည် မှတ်ထားပေးပါ နောက်ပိုင်းမှာ သူ့ကို အသုံးပြုပြီး ရှင်းရမှာဖြစ်လို့ပါ။


ယုံကြည်မှုအဆင့်အမှတ် (Credit Score)
ဘဏ်လုပ်ငန်းအုပ်စု၏ ဖေါက်သည်တယောက်အပေါ် အချက်အလက်ရှာဖွေမှုသည် SSN နှင့် ထိုသူကို အတည်ပြုပြီး အချက်လက်များရယူပါသည်။ SSN ကို အခြေပြုပြီး အချက်လက်ရယူရာတွင် ရရှိနိုင်သော အချက်လက်များတွင် ဟိုးအရင်မွေးချိန်မှစပြီး ယနေ့လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းခွင် အခြေနေ ဒါမှမဟုတ် ကျောင်းမှအိမ်စာ အမှတ်အထိ ဖြစ်သည်။ SSN ဖြင့် အသုံးပြုပြီး ရှာဖွေတွေ့ရှိချက်များကို မူတည်ပြီးပြီး ထိုသူကို ခွဲခြားသိပြီးနောက် ယုံကြည်စိတ်ချမှု အပိုင်းကို စတင်စုံစမ်းပါသည်။ ထိုအပိုင်းကိုလည်း SSN အသုံးပြုပြီး ကွဲပြားသောဌာနများဆိုင်ရာ အချက်လက်များကို ရယူပါသည်။ ဒီတခါရယူတဲ့ အချက်လက်များမှာ ဖေါက်သည်၏ လစဉ် ပေးချေရမည့် ပြေစာ(Bill) များကို စစ်ကြည့်သည်။ ရေမီး မီတာခ မှန်မှန်ပေးချေသလား ရက်ကျော်မှပေးသလား အကြွေးထားသလား အကုန်စာရင်းဝင်သည်။ ထိုနောက် လက်ရှိစီးပွါးရေးအခြေနေ ရာဇစတ်မှုမှတ်တမ်း များအားလုံးစုပေါင်းပြီး ထိုသူကို အမှတ်ပေးထားသည် ထိုအမှတ်ကို ယုံကြည်မှုအမှတ် ( Credit Score ) သတ်မှတ်၍ အဆင့်တန်းခွဲထားသည်။ ထိုယုံကြည်မှုအမှတ်ကို သင်သိသည် ဖြစ်စေ မသိသည်ဖြစ်စေ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ SSN အမှတ်ရှိသူတိုင်းကို ခွဲခြားပေးထားသည်။ ထိုအမှတ်များမှ သင့်အတွက်ချေးငွေ အရစ်ကျဝယ်ယူမှုများကို လုပ်ကိုင်ပေးသွားသည်။ ပိုက်ဆံသုံးနိုင်သည် မသုံးနိုင်သည်နှင့် မဆိုင်ပါ။
ကိုယ်တွေ့ သက်သေပြချက်တခု ပြောပါမည်။ ကျနော်မိတ်ဆွေတဦးနှင့် ကျနော့်၏ Credit Score ပါ ကျနော့မိတ်ဆွေမှာ လုပ်ငန်းရှင် တဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို အခြေချသည်မှာ ကျနော့ထက် ငါးနှစ်စောပါသည်။ လုပ်ငန်းတခုနှင့် အိမ်ယာအချို့ပိုင်ဆိုင်သည်။ တနေ့သူနှင့် ကျနော်နှင့် Credit Score စစ်ကြည့်ရာ ကျနော်က သူ့ထက် အမှတ်နှစ်ရာကျော်သာနေသည်။ သူအတော် စိတ်မကောင်းဖြစ်သွားပြီး ထိုနေ့က ဘာမှမပြောပါ။ နောက်ထပ်ရက် အနည်းငယ်ကြာတော့ ကျနော့်မြို့ကိုရာက်လာပြီး သူ၏ ဘဏ်လုပ်ငန်းဆိုင်ရာနှင့် တကွမှတ်တမ်းများယူဆောင်လာပြီး ကျနော့ကို အကူညီတောင်းသည်။ သူ့၏ အမှတ်မှားယွင်းနေသလား သူလို လုပ်ငန်းရှင်ပေါက်စနှင့် ကျနော်လိုအစိုးရထောက်ပံ့ကြေးဖြင့် ကျောင်းတက်သူတယောက်ကြားမှာ ကွာဟ နေမှုသည် သူအတွက် စိုးရိမ် ပူပင်သောကရောက်ပါသည်။ ၀ိုင်းစစ်ပေးပါလို့ အကူညီတောင်းလာတော့ ကျနော်လဲ ကျောင်းပိတ်ရက်ဖြစ်တာနှင့် အတူတူနှစ်ယောက်သား အင်တာနက်နှင့်ဖုန်း အသုံးပြုကာ စစ်ဆေးလိုက်တော့ တွေ့ရှိချက်က
(၁) သူ့တွင် ယဉ်စည်းကမ်းဖေါက်ဖျက်မှု နှစ်ကြိမ်ကျုးလွန်ထားခြင်း
(၂) လစဉ်ပေးဆောင်ရမည့် ငွေကြေးများ ရက်နောက်ကျခြင်း (ဖုန်းခ နှင့် ရေမီးခများ)
(၃) နှစ်ချို့ကြွေးမှီများ ကျန်ရှိနေခြင်း (သူကိုယ်တိုင်ပင် သတိမထားမိသော ဒေါ်လာ ၇၀ ခန့် လေယာဉ်လက်မှတ် အကြွေး) တို့ဖြစ်သည်။ မြန်မာနိုင်ငံသား ဒုက္ခသည် အများစု၏ နှစ်ချို့ အကြွေး အများစုမှာ အမေရိကန်ပြည်ထောင်စုကို အခြေချရန်လာသော လေယာဉ်လက်မှတ်ဖိုးကို ကြေအောင် မပေးဆပ်သည့် အကြွေးများဖြစ်သည်။ အချို့ကလည်း ပြည်နယ်တခုမှ ပြည်နယ် တခုကို ပြောင်းရွေ့သွားသည့် အခါ အိမ်လခမပေးခဲ့ခြင်း၊ ဖုန်းလိုင်းကို ငွေမပေးတော့ပဲ ပိတ်လိုက်ခြင်း၊ လစဉ်ပေးချေရမည်များကို ရက်လွန်မှပေးခြင်း စသည့် အသေးဖွဲလေးများဖြင့် ယုံကြည်မှုအဆင့် နည်းပါးခြင်းအဆင့် သတ်မှတ်ခြင်း ခံနေရတာဖြစ်ပါသည်။ သည်နေရာမှာ အမေရိကန်ပြည်ထောင်စုရောက် ဒုက္ခသည်များနှင့် ဆိုင်သော လေယာဉ်လက်မှတ်ဖိုး အကြွေးကို သဘောပေါက်အောင် ရှင်းပြချင်ပါသည်။ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာသူများကို လေယာဉ်လက်မှတ်ဖိုး စိုက်ထုက်ပေးသာ အဖွဲ့အစည်းမှာ အစိုးရမဟုတ်သော ဘာသာရေးအခြေပြုအဖွဲ့စည်းများဖြစ်သည်။ ထိုအဖွဲ့စည်းများသည် နှစ်စဉ်ဒုက္ခသည် လူပေါင်း သိန်းနှင့်ချီပြီး လေယာဉ်လက်မှတ်ဖိုးများ စိုက်ထုက်ပေး ထားပြီး ထိုငွေများကို ပြန်လည် တောင်းခံရာတွင် အနည်းဆုံးသော ပမာဏဖြင့် (လူမှုရေးအရ) တောင်းခံခြင်းဖြစ် ပါသည်။ သို့သော် မိမိမှ ထိုကြွေးမှီကို အကုန်ပြန်လည်ပေးဆပ်လိုပါက အချိန်မရွေးပေးဆပ်နိုင်ပါသည်။ အကြေပေးဆပ်လိုက်ပါက မိမိ၏အမည်ကို အကြွေးကြေသူစာရင်း ထည့်သွင်းလိုက်ရာ SSN အခြေပြု မှတ်တမ်းများက အလိုလျှောက်သိရှိသွားပြီး ထိုသူကို အကြွေးပြန်ဆပ်သူအဖြစ် ယုံကြည်မှုအဆင့် မြှင့်တင်ပေးလိုက်ပါသည်။ ဒီတော့ ကျနော်မိတ်ဆွေနှင့် ကျနော်ဆိုရင် လုံးဝကွာခြားပါသည်။ ကျနော်က ဖုန်းခ ရေမီးခများကို ဘဏ်ငွေစာရင်းမှ အချိန်တန်ရင် ဖြတ်ခွင့်ပြုထား သဖြင့် အဆင်ပြေသည်။ အချိန်မကုန် လူသက်သာပြီး စီမံခန့်ခွဲရ လွယ်ကူလှပါသည်။ လေယာဉ်လက်မှတ်ဖိုးကို ကျောင်းမတက်ခင် အလုပ်ကြမ်းလုပ်တုန်းက ဆပ်လိုက်သည်။ ကျနော့်တွင် ရာဇ၀တ်မှုမှတ်တမ်း မရှိပါ။  ဒီတော့ ကျနော့် အမှတ်က ငွေတွေ အများကြီးနှင့် အလုပ်လုပ်နေသူထက် ပိုကောင်းနေတော့သည်။
ဒီလောက်ဆိုရင် Credit Score အကြောင်း တီးခေါက်မိမည် ထင်ပါသည်။ ဒီလိုစနစ်မရှိရင် နိုင်ငံတကာက လူမျိုးပေါင်းစုံ စုစည်းထားတဲ့ အမေရိကန်ပြည်ထောင်စုတွက် အစစ အရာရာ ထိန်းချုပ်ရ ခက်ခဲပါမည်။ ဒီစနစ်သည် SSN ရှိသူတိုင်းကို အလိုလျှောက်လုပ်သွားသော စနစ်ဖြစ်ပါသည်။ ပုပ္ဂိုလ်ရေးအရ မျက်နှာသာပေးလို၍ လုပ်မရသည့် Bureau ကြီးသုံးခုမှ အချက်အလက်မျှဝေသုံးဆွဲခြင်း စနစ်ဖြစ်ပါသည်။ Credit Score ၅၅၀ မှအောက်သည် ယုံကြည်မှုနည်းရသည့်အဆင့်ဖြစ်ပြီး ၇၅၀ မှအထက်သည် အိမ်ယာခြံမြေကားများကို အကြွေးဖြင့် ဘဏ်မှတဆင့် လွယ်လင့်တကူ ၀ယ်ယူနိုင်သည့်သူများဖြစ်သည်။ (နောက်ပိုင်းမှာကြုံရင် မြန်မာနိုင်ငံသားအချို့ ၀ယ်ယူနေသည့် Land contract (မြေရှင်နဲ့ ၀ယ်သူ နှစ်ဦးသဘောတူချုပ်သည့် စာချုပ်) နှင့် ဘဏ်ကတဆင့် ၀ယ်ယူသည့် Commercial contract စနစ်ကွာခြားမှု အကျိုးအကောင်းနဲ့အဆိုး ရေးပေးပါမည်။ အများစုက လွယ်လင့်တကူ ဖြစ်သည့် Land contract ကို နှစ်သက်ကြသည် ဘာလို့လဲဆိုတော့ Credit Score မလိုသည့်အတွက်ပါ။ သို့သော်နောက်ကွယ်က အားနည်းချက် ဆိုးကွက်တွေကို သိထားသင့်ပါသည်။)


အမှတ်ပေးတာ ဘယ်သူတွေလဲ
ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆက်စပ်မှုဆိုင်ရာလုပ်ငန်း တွေအတွက် Experian, Equifax, andTransUnion ဆိုတဲ့ Credit Bureau သုံးခုက SSN အခြေပြုပြီး လူတိုင်းကို ယုံကြည်မှုအဆင့်တွေ သတ်မှတ်ပေးနေတာဖြစ်သည်။ မည်သည့်ဘဏ်လုက်ငန်း မည်သည့် အရစ်ကျ ငွေချေစနစ် မျိုးမဆို Credit Bureau သုံးခုကပေးထားသော အဆင့်အတိုင်း မိမိတို့၏ ဖေါက်သည်ကို  ခွဲခြားပြီး အခွင့်ရေး ပေးပါသည်။ ထိုဗျုရိုကြိးသုံးခုသည် အမေရိကန်ပြည်ထောင်စုတွင် ငွေကြေးများလည်ပတ်နေသော ငွေကြေးဆိုင်ရာလုပ်ငန်းကြီး အုပ်စုသုံးစု ဖြစ်သည်။ ဗျုရိုတခုစီ၏အောက်တွင် ငွေကြေးဆိုင်ရာ အမျိုးမတူလုပ်ငန်းပေါင်း များစွာပါဝင်သည်။ ဗျုရိုတခုစီက မိမိတို့နှင့် သက်ဆိုင်ရာ လုပ်ငန်းများမှ အချက်လက်များနှင့် SSN အခြေပြုအချက်လက်များစုစည်းပြီး အဆင့်တန်းခွဲခြားကာ အခြားဗျုရိုများနှင့် အချက်လက်ဝေမျှ သုံးဆွဲသည်။ ထိုကြောင့် Credit Score သည် အမေရိကန်ရောက်လူတဦးစီအတွက် လိုအပ်သော သိသင့်သည့် အချက်လက်ဖြစ်သည်။ ထိုဗျုရိုကြီးများသည် အရှိန်ဝါ အတော်ကြီးမားသည့် ငွေကြေးအုပ်စုကြီး သုံးအုပ်စုပင်ဖြစ်ပေသည်။

ဗျုရိုသုံးခု၏ Credit Score ကိုကြည့်ပြီးမှ အကြွေးဝယ်ယူနိုင်ခွင့်နှုန်းထားများ သတ်မှတ်ကြသည်။ ရောင်းဝယ် ပေါင်နှံဌားရမ်းခြင်းလုပ်သည်။ လုပ်ငန်းခွင်အတွက် ၀န်ထမ်းအသစ်ဌားရမ်းရာတွင် ယုံကြည်စိတ်ချရမှု အဆင့်ကို အလုပ်ရှင်များက Credit Score ကိုကြည့်ပြီး ပိုင်းဖြတ်သည်။ ဒီယုံကြည်မှု အဆင့်များကို SSN အခြေပြုပြီး Credit Bureau သုံးခုက အမှတ်ပေးနေခြင်းကြောင့် လည်းကောင်းတို့ ပေးသည့် အမှတ်များသည် လွဲချော်မှုနှုန်း အလွန်နည်းပါးပြီး SSN ကိုအခြေပြုထားသည့်အတွက် လူတဦးစီ၏ အကျင့်စာရိတ္တအပါဝင် အားလုံးကို ခြုံငုံသိနိုင်သည်။
ကဲမိတ်ဆွေတို့ရေ ကျနော်စမ်းမိတဲ့ဆင် ပုံပန်းကတော့ ဒီလိုပါပဲ။ အခုမြန်မာနိုင်ငံမှာ Credit Card စနစ်နှင့် ငွေပေးခြေမှု လုပ်ပေးမည်လို့ အနောက်နိုင်ငံတွေက ပြောလာတာ အလွန်ကောင်းပါသည်။ သို့သော် ယုံကြည်မှုအဆင့်ကို ရဲစခန်းထောက်ခံစာ ရပ်ကွက်လူကြီးထောက်ခံစာနှင့် နိုင်ငံခြားငွေကြေးလုပ်ငန်းများ မှလက်ခံနိုင်မည် မထင်ပါ။ ဒါကြောင့်စနစ်ကောင်းတခုကို တည်ဆောက်ဖို့ သင့်တော်နေပြီဆိုတဲ့ အကြောင်းနှင့် လောလာဆယ် လုပ်မည့် စီမံကိန်းသည်လည်း မြန်မာနိုင်ငံသားများအတွက် ဆိုသည်ထက် နိုင်ငံခြားမှာ လာရောက်လည်ပတ်သူ ရင်းနှီးလုပ်ကိုင်သူများ အတွက် ဦးတည်နေတာဖြစ်သည် သို့သော် ဒီအခွင့်ရေးကို အသုံးချပြီး မြန်မာနိုင်ငံတွင်းမှာ စနစ်တခုဖန်တီး တည်ဆောက်နိုင်ရန် ပညာရှင်များ ကြိုးစားကြမည်လို့ မျော်လင့်ပါသည်။ ကျနော်လဲ ဆင်ကြီး စမ်းပြီး ဘယ်လိုပုံဆိုတာ ကြုံသလို ဆက်ရေးပေးသွားပါမည်။
ရဲမင်းထွန်း

ကျွန်တော်နှင့် ဧရာဝတီမြစ်ကူးတံတားများ‬

ဧရာဝတီမြစ်ပေါ်တွင်ရှိသော မြစ်ကူးတံတားကြီးများ များစွာရှိပါသည်။ ကျွန်တော်ရောက်ဖူးသော ဧရာဝတီမြစ်ကူးတံတားကြီးများမှာ -

(၁) ဧရာဝတီမြစ်ကူးတံတား (ဗလမင်းထင်)
ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင်ရှိပါသည်။ အရှေ့ဖက်ကမ်း ၀ိုင်းမော်မြို့ရှိပါတယ်။ အနောက်ဖက်ကမ်းမှာ စီတာပူကျေးရွာ ၊ မြစ်ကြီးနားစက်မှုဇုံနှင့် တံတားအထူး (၁၅) တို့ရှိပါတယ်။ လီဒိုလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။ တံတား၏အလျားမှာ ၂၆၈၈ ပေဖြစ်ပါသည်။ ၁၉၉၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်း မှတ်သားရပါသည်။ အင်ဂျင်နီယာမှူးကြီး(ငြိမ်း) ဦးစံညိမ်းမှ ဦးဆောင်၍ တည်ဆောက်ကြောင်း သိရှိရပါတယ်။ တံတားကြီး၏ Up Stream ဘက် ၂၇ မိုင်ခန့်အကွာတွင် မေခမြစ်နှင့် မလိခမြစ်သို့ ပေါင်းဆုံပါသည်။ ကျွန်တော် အထူးစီမံကိန်းကြီးအဖွဲ့ခွဲ (၄) မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းတွင် တာဝန်ထမ်းဆောင်စဉ်က ဖြတ်သန်းသွားလာဖူးပါသည်။ ဧရာဝတီမြစ်၏ ပထမမြစ်ကျဉ်းမှာ မြစ်ကြီးနားနှင့်ဗန်းမော်ကြား ဆင်ဘိုဒေသတွင်ရှိသည်ဟု မှတ်သားရပါသည်။

(၂) ဧရာဝတီမြစ်ကူးတံတား(စင်းခမ်း)
ဧရာဝတီမြစ်ကူးတံတား စင်းခမ်းတံတားပေါ်သို့ ဖြတ်သန်း၍ မသွားလာဖူးပါ။ စင်းခမ်းတံတား၏ အရှေ့ဘက်ခြမ်းမှာ ဗန်းမော်ခရိုင်ဖြစ်ပါသည်။ အနောက်ဖကမ်းမှာ ကသာခရိုင်ဖြစ်ပါသည်။ ကသာ-ဗန်းမော်လမ်းပေါ်တွင် တည်ရှိပါသည်။ တံတား၏ အလျားမှာ ၄၆၃၀ ပေ ရှိကြောင်း မှတ်သားရပါသည်။ ၂၀၁၂ ခုနှစ်တွင် ဖွင့်လှစ်ကြောင်းသိရှိရပါသည်။ မီးရထားနှင်ကား နှစ်မျိုးလုံးသွားလာနိုင်သော တံတားကြီးဖြစ်ပါသည်။ ဒု-အင်ဂျင်နီယာချုပ်တံတား(ငြိမ်း) ဦးမျိုးဝင်း ဦးဆောင်၍ တည်ဆောက်ကြောင်း သိရှိရပါသည်။ တကောင်း-ကသာ လမ်းအဖွဲ့၌ တာဝန်ထမ်းဆောင်စဉ် ထိုနေရာသို့ ဖြတ်သန်းသွားလာဖူးပါသည်။ တံတား၏ Down Stream ဘက်၌ ဧရာဝတီမြစ်၏ ဒုတိယမြစ်ကျဉ်းရှိပါသည်။ တံတားကြီး၏ Up Stream ဘက် မြစ်၏ အရှေ့ဘက်မှ ဧရာဝတီမြစ်အတွင်းသို့ တာပိန်မြစ်စီးဝင်ပါသည်။ မြစ်ကျဉ်း၏ဘေးတွင် ၀ဲမကွေ့စခန်း ၊ ဥဒေါင်းတောင်စခန်း ၊ စပါးတိုးစခန်း ၊ ရှုခင်းသာစခန်းများ အစဉ်လိုက် တည်ရှိကြပါသည်။

(၃) ဧရာဝတီမြစ်ကူးတံတား (ထီးချိုင့်)
တည်ဆောက်ဆဲဖြစ်ပါသည်။ အနောက်ဖက်ကမ်းမှာ စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့ဖြစ်ပါသည်။ အရှေ့ဖက်ကမ်းမှာ မြတောင်ကျေးရွာဖြစ်ပါသည်။ မြတောင်ရွာကို အပိုင်စားရသော မိဖုရားကြီးမှာ မင်းတုန်းမင်း၏ မိဖုရားကြီးဖြစ်ပါသည်။ တကောင်း-ဗန်းမော်လမ်းနှင့် ရွှေဘို-မြစ်ကြီးနားလမ်းတို့ကို ဆက်သွယ်ပေးသောလမ်းပေါ်တွင် တည်ရှိပါသည်။ အင်ဂျင်နီယာမှူးကြီး ဦးစိုးမင်းနှင့် အင်ဂျင်နီယာမှူးကြီး ဦးပိုင်တို့မှ ဦးဆောင်၍ တည်ဆောက်နေသည်ဟု သိရှိရပါသည။် တံတားကြီး၏ Up Stream ဘက် မြစ်၏ အရှေ့ဖက်မှ ရွှေလီမြစ်စီးဝင်ပါသည်။ ကျွန်တော် တကောင်း-ကသာလမ်းတွင် တာဝန်ထမ်းဆောင်စဉ် မြတောင်ကျေးရွာနှင့် ထီးချိုင့်မြို့များမှာ တကောင်းမြို့မှ ကသာမြန်မာ့စီးပွားရေးဘဏ်သို့ သွားစဉ်တွင် ဖြတ်သန်းသွားလာရသော စခန်းများဖြစ်ပါသည်။ ထိုစဉ်က ဇက်ဖြင့် ဧရာဝတီမြစ်အား ဖြတ်ကူးခဲ့ရပါသည်။

(၄) ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ခ)
စစ်ကိုင်းတိုင်းရွှေဘိုမြို့နှင့် မန္တလေးတိုင်း စဥ့်ကူမြို့တို့ကိုဆက်သွယ်သောလမ်းပေါ်တွင် တည်ရှိပါသည်။ တံတား၏ အလျားမှာ ၂၄၈၀ ပေ ဖြစ်ပါသည်။ ၂၀၁၃ တွင်ဖွင့်လှစ်ခဲ့ပါသည်။ အင်ဂျင်နီယာမှူးကြီး ဦးကျော်လင်းမှ ဦးဆောင်၍တည်ဆောက်ခဲ့ကြောင်းသိရှိရပါသည်။ ဤတံတားကြီးပေါ်သို့ မဖြတ်သန်းဖူးပါ။ ကျွန်တော် တကောင်း-ကသာလမ်းတွင် တာဝန်ထမ်းဆောင်စဉ်က တံတားကြီး၏ အရှေ့ဖက်တွင်ရှိသော လက်ပံလှစခန်းအား အကြိမ်ကြိမ်ဖြတ်သန်းဖူးပါသည်။ ဤတံတားကြီး၏ Up Stream ဘက်တွင် သပိတ်ကျင်းမြို့အနီး၌ ဧရာဝတီမြစ်၏ တတိယမြစ်ကျဉ်းရှိပါသည်။ တံတားကြီး၏ Up Stream ဘက် မြစ်၏ အနောက်ဖက်မှ မဲဇာချောင်းသည် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။

(၅) ဧရာဝတီမြစ်ကူးတံတား (ရတနာပုံ)
မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်သော လမ်းမကြီးပေါ်တွင်တည်ရှိပါသည်။ အနောက်ဖက်ကမ်းမှာ စစ်ကိုင်းမြို့ဖြစ်၍ အရှေ့ဖက်ကမ်းမှာ မန္တလေးတိုင်း အမရပူရမြို့ဖြစ်ပါသည်။ ဒု-အင်ဂျင်နီယာမှူးကြီး (ငြိမ်း) ဦးဌေးမြင့်နှင့် ဒု-အင်ဂျင်နီယာမှူးကြီး(ငြိမ်း) ဦးစန်းဝင်းတို့တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။ တံတား၏ အလျားမှာ ၅၆၄၁ ပေ ဖြစ်ပါသည်။ တံတားအား ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ ဧရာဝတီမြစ်ကူးတံတား (အင်းဝ) သက်တမ်းကုန်နေမှုကြောင့် တည်ဆောက်ခဲ့ရကြောင်း သိရှိရပါသည်။ ကျွန်တော် စစ်ကိုင်းတိုင်း ခန္တီးခရိုင်တွင် တာဝန်ထမ်းဆောင်စဉ်က ဤတံတားကြီးပေါ်သို့ အကြိမ်ကြိမ်ဖြတ်သန်းသွားဖူးပါသည်။

(၆) ဧရာဝတီမြစ်ကူးတံတား (အင်းဝ)
ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်ခဲ့သော မြစ်ကူးတံတားများအနက် ပထမဆုံးတည်ဆောက်ခဲ့သော တံတားဖြစ်ပါသည်။ အင်္ဂလိပ်နယ်ချဲ့ကိုလိုနီများမှ တည်ဆောက်ခဲ့သောတံတားဖြစ်ပါသည်။ ၁၉၃၄ တွင် ပြီးစီးခဲ့ကြောင်းမှတ်သားရပါသည်။ တံတား၏ အလျားမှာ ၃၉၆၀ ဖြစ်ပါသည်။ အနောက်ဖက်ကမ်းမှာ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ဖြစ် စစ်ကိုင်းမြို့ဖြစ်၍ အရှေ့ဖက်ကမ်းမှာ မန္တလေးတိုင်း အမရပူရမြို့ဖြစ်ပါသည်။ မီးရထားနှင်ကား နှစ်မျိုးလုံးသွားလာနိုင်သော တံတားကြီးဖြစ်ပါသည်။ ကျွန်တော် လမ်းအထူး (၁၁) ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်စဉ်က အကြိမ်ကြိမ်အခါခါ ဖြတ်သန်းသွားဖူးပါသည်။ ဧရာဝတီမြစ်ကူးတံတား (အင်းဝ)နှင့် ဧရာဝတီမြစ်ကူးတံတား (ရတနာပုံ) တို့သည် နီးကပ်စွာတည်ရှိပါသည်။ အင်းဝတံတား၏ Down Stream ဘက်တွင် စမုံ ၊ ပန်းလောင် ၊ ဇော်ဂျီနှင့် ဒုဋ္ဌ၀တီတို့ မြစ်လေးစင်းပေါင်းဆုံခဲ့သော မြစ်ငယ်မြစ်သည် ဧရာဝတီမြစ်၏ အရှေ့ဖက်မှ စီးဝင်ပါသည်။ မြစ်ငယ်မြစ်နှင့် ဧရာဝတီမြစ်တို့အကြားတွင် အင်းဝမြို့ဟောင်းတည်ရှိပါသည်။

(၇) ဧရာဝတီမြစ်ကူးတံတား (ပခုက္ကူ)
မန္တလေးတိုင်း ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ လက်ပံခြေပေါ်ကျေးရွာနှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့သို့ ဆက်သွယ်ပေးသော တံတားကြီးဖြစ်ပါသည်။ တံတား၏ အလျားမှာ ၁၃၅၃၇ ပေ ဖြစ်ပါသည်။ ၂၀၁၁ တွင် ဖွင့်လှစ်ကြောင်းသိရှိရပါသည်။ DMD (W) ဦးဟန်စိုးနှင့် DE (တံတား) ဦးရွှေလေးတို့ ပူးတွဲတည်ဆောက်ကြောင်း သိရှိရပါသည်။ ယခုအချိန်ထိ မြန်မာနိုင်ငံတွင် အရှည်ဆုံးတံတားကြီးဖြစ်ပါသည်။ မီးရထားနှင်ကား နှစ်မျိုးလုံးသွားလာနိုင်သော တံတားကြီးဖြစ်ပါသည်။ ဧရာဝတီမြစ်၏ အကြီးဆုံးမြစ်လက်တက်ဖြစ်သော ချင်းတွင်းမြစ်သည် တံတားကြီး၏ Up Stream ဘက် မြစ်၏ အနောက်ဖက်မှ စီးဝင်ပါသည်။ ကျွန်တော် မြိုင်-တောမ-ဂန့်ဂေါလမ်း လုပ်ငန်းခွင်သို့ သွားရောက်ရာတွင် အကြိမ်ကြိမ်အခါခါ ဖြတ်သန်းဖူးပါသည်။

(၈) ဧရာဝတီမြစ်ကူးတံတား (အနော်ရထာ)
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ချောက်မြို့နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့တို့အား ဆက်သွယ်ထားသော တံတားကြီးဖြစ်ပါသည်။ တံတား၏ အလျားမှာ ၅၁၉၂ ပေ ဖြစ်ပါသည်။ ၂၀၀၁ တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ အင်ဂျင်နီယာမှူးကြီး (ငြိမ်း) ဦးစိုးဟန်မှ တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။ ယောချောင်းနှင့် ကျောချောင်းပေါင်းဆုံခဲ့သော နာမည်ကျော် ယောချောင်းသည် တံတားကြီး၏ Up Stream ဘက် မြစ်၏ အနောက်ဖက်မှ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။ ကျွန်တော် ဆိပ်ဖြူ-ဆော-ကန်ပက်လက်လမ်း လုပ်ငန်းများစစ်ဆေးရာတွင်လည်းကောင်း ၊ ကံတွင်းတံတား(ရှောင်ကွင်းလမ်း) လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း တံတားကြီးအား အကြိမ်ကြိမ်ဖြတ်သန်းဖူးပါသည်။

(၉) ဧရာဝတီမြစ်ကူးတံတား (မကွေး)
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ၊ မကွေးမြို့နှင့် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့တို့ကိုဆက်သွယ်ထားသော တံတားကြီးဖြစ်ပါသည်။ တံတား၏ အလျားမှာ ၈၉၈၉ ပေ ဖြစ်ပါသည်။ ၂၀၀၂ တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးဟန်ဇော် ဦးစီးကာ တည်ဆောက်ခဲ့ကြောင်း မှတ်သားရပါသည်။ မန်းစက်တော်ဘုရား ၊ ကျောင်းတော်ရာဘုရား ၊ မြသလွန်ဘုရားများသို့ ဖူးမျှော်ကြသော ဘုရားဖူးကားများ ဖြတ်သန်းရာ တံတားကြီးဖြစ်ပါသည်။ ကျွန်တော် စစ္စနိုး-ရေနံမ-ကန်တုတ်-ကျောက်ပုံလမ်းသို့ သွားရောက်စစ်ဆေးရာတွင် အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရသော တံတားကြီးဖြစ်ပါသည်။ တံတား၏ Up Stream ဘက် မြစ်၏ အရှေ့ဘက်မှ ပင်းချောင်းနှင့် ဒေါင်းနေချောင်းများ စီးဝင်ပါသည်။ တံတား၏ Up Stream ဘက် မြစ်၏ အနောက်ဖက်မှ စလင်းချောင်း ၊ မုန်းချောင်း ၊ မန်းချောင်းနှင့် ဆားဗွက်ချောင်းများ စီးဝင်ပါသည်။

(၁၀) ဧရာဝတီမြစ်ကူးတံတား (မလွန်)
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ၊ မကွေးမြို့နယ် မိကျောင်းရဲကျေးရွာနှင့် မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် မလွန်ကျေးရွာသို့ ဆက်သွယ်ထားသော တံတားဖြစ်ပါသည်။ တံတားကြီး၏ အလျားမှာ ၅၈၃၉ ဖြစ်ပါသည်။ မီးရထားနှင်ကား နှစ်မျိုးလုံးသွားလာနိုင်သော တံတားကြီးဖြစ်ပါသည်။ ၂၀၁၃ တွင် ဖွင့်လှစ်ကြောင်း သိရပါသည်။ အင်ဂျင်နီယာမှူးကြီး ဦးစီုးမင်းမှ ဦးဆောင်၍ တည်ဆောက်ခဲ့ကြောင်း သိရပါသည်။ တံတား၏ Up Stream ဘက် မြစ်၏ အရှေ့ဖက်မှ ယင်းချောင်းသည် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။ တံတား၏ Up Stream ဘက် မြစ်၏ အနောက်ဘက်ခြမ်း မင်းလှမြို့အနီးတွင် မင်းလှခံတပ်ရှိပါသည်။ မြစ်၏ အရှေ့ဘက်တွင် ဂွေ့ချောင်းခံတပ်ရှိပါသည်။ ကျွန်တော် သစ်ရာကောက်-မိကျောင်းရဲ-မလွန် လမ်းလုပ်ငန်းများ စစ်ဆေးစဉ် ဧတံတားကြီးပေါ်မှ အကြိမ်ကြိမ်အခါခါဖြတ်သန်းဖူးပါသည်။

(၁၁) ဧရာဝတီမြစ်ကူးတံတား (န၀ဒေး)
ပဲခူးတိုင် ၊ ပြည်ခရိုင် ၊ ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်ကို့ ဖြတ်သန်းသွားသောတံတားကြီးဖြစ်ပါသည်။ တံတား၏ အလျားမှာ ၄၁၈၃ ဖြစ်ပါသည်။ ၁၉၉၇ ခုနှစ်တွင် တည်ဆောက်ခဲ့သော တံတားဖြစ်ပါသည်။ အင်ဂျင်နီယာချုပ် (တံတား)(ငြိမ်း) ဦးစိုးဝင်းမှ ဦးဆောင်တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။ တံတား၏ Up Stream ဘက် မြစ်၏ အရှေ့ဘက်တွင် ဗွက်ကြီးချောင်းသည် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။ တံတား၏ Up Stream မြစ်၏ အနောက်ဖက်တွင် မင်းတုန်းချောင်းသည် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။ ဧရာဝတီမြစ်၏ စတုတ္တမြစ်ကျဉ်းသည် ပြည်မြို့အနီး၌ ရှိပါသည်။ ကျွန်တော် ကံမ-ပြည်လမ်း လုပ်ငန်းများ သွားရောက်စစ်ဆေးစဉ် တံတားကြီးပေါ်သို့ အကြိမ်ကြိမ်ဖြတ်သန်း ဖူးပါသည်။

(၁၂) ဧရာဝတီမြစ်ကူးတံတား (ညောင်တုန်း)
ဧရာဝတီတိုင်း မအူပင်ခရိုင် ညောင်တုန်းမြို့နယ် သောင်တန်းကျေးရွာ(အောက်စု)နှင့် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ကျီးကန်းသိုက်ကျေးရွာသို့ ဆက်သွယ်ပေးထားသော တံတားကြီးဖြစ်ပါသည်။ တံတား၏ အလျားမှာ ၁၀၈၁၄ ပေ ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ မီးရထားနှင့် ကားလမ်းတွဲလျက် တည်ဆောက်ထားသော တံတားဖြစ်ပါသည်။ အင်ဂျင်နီယာမှူးကြီး ဦးတင့်လွင်မှ တာဝန်ယူ ဦးဆောင်တည်ဆောက်ကြောင်း သိရပါသည်။ ဤတံတားကြီးပေါ်သို့ ကျွန်တော် မဖြတ်သန်းဖူးပါ။

(၁၃) ဧရာဝတီမြစ်ကူးတံတား (ဗိုလ်မြတ်ထွန်း)
ဧရာဝတီတိုင်း မအူပင်ခရိုင် ညောင်တုန်းမြို့နယ် သောင်တန်းကျေးရွာနှင့် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ကြိမ်ပင်ဆည်ကျေးရွာသို့ ဆက်သွယ်ပေးထားသော တံတားကြီးဖြစ်ပါသည်။ ကားလမ်းသီးသန့်တံတားဖြစ်ပါသည်။ တံတား၏ အလျားမှ ၈၅၄၄ ပေ ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း သိရပါသည်။ မီးရထားဝန်ကြီးဌာန ဒုတိယ၀န်ကြီး(ငြိမ်း) ဦးဖေသန်းမှ ဦးဆောင်တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။ ကျွန်တော် ဤတံတားကြီးပေါ်သို့ ရန်ကုန်မှ ချောင်းသာ ၊ ငွေဆောင်ကမ်းခြေသို့ သွားရောက်ခဲ့စဉ်က တစ်ကြိမ်ဖြတ်သန်းဖူးပါသည်။ တံတား၏ Down Stream ဘက်တွင် ဧရာဝတီတံတား (မအူပင်) ၊ ဧရာဝတီတံတား (ဒေးဒရဲ) တို့ တည်ရှိကြောင်း သိရှိရပါသည်။ ကျွန်တော်မဖြတ်သန်းဖူးပါ။
ယခုအချိန်တွင် ကျွန်တော် တာဝန်ထမ်းဆောင်နေသော လုပ်ငန်းများအတွက် ဧရာဝတီတံတား (ပခုက္ကူ) ၊ ဧရာဝတီတံတား (အနော်ရထာ) ၊ ဧရ၀တီတံတား (မကွေး) ၊ ဧရာဝတီတံတား (မလွန်) ၊ ဧရာဝတီတံတား (န၀ဒေး) တို့အား အကြိမ်ကြိမ်အခါခါဖြတ်သန်း၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့လှပါသည်။ သို့ပါ၍ ကျွန်တော်နှင့် ဧရာဝတီမြစ်ကူးတံတားကြီးများအကြောင်း တင်ပြလိုက်ရပါသည်။

U Shwe Zin

Source : https://www.facebook.com/ushwe.zin.3/posts/1451956118406331

ရွေးကောက်ပွဲစနစ် ဒီဇိုင်းဆွဲခြင်း


ကမ္ဘာ့နိုင်ငံတော်တော်များများ ရွေးကောက်ပွဲကျင်းပပုံတွေ အကြောင်း International Institute for Democracy and Electoral Assistance က စာအုပ်ကို မြန်မာလို ဘာသာပြန်ထားလို့ အသုံးဝင်မယ်ထင်တယ်။ အများစု ကိုယ်စားပြုစနစ်၊ အချိုးကျကိုယ်စားပြုစနစ်၊ စနစ်ရော (mixed systems) အစရှိသဖြင့် တော်တော်လေး ပြည့်၂စုံ၂ ဖော်ပြထားပါတယ်။ မြန်မာပြည် Connection နဲ့ ဒေါင်းလုပ်ဆွဲလို့ရမယ်လို့ မျှော်လင့်ပါတယ်။

Electoral System Design: The New International IDEA Handbook (Burmese)

မြို့ပြပို့ဆောင်ရေးပုံပြင် (၂)

မြို့ပြပို့ဆောင်ရေး ပုံပြင် (၂) ..... မောင်ပြည်အေး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နိုင်ငံတကာမြို့တော်တွေ၌ ယာဉ်ကျပ်တဲ့နေရာတွေမှာ ကိုယ်ပိုင်ကား မစီးကြဘဲ ရထားတွေ၊ ဘတ်စ်ကားတွေစီးကြဖို့၊ အခြားနည်းတွေနဲ့ သွားကြဖို့ နည်းလမ်းမျိုးစုံလုပ်ကြပါတယ်။ car-pooling ဆိုတဲ့ ကားတစ်စီးထဲကို နီးစပ်ရာနှစ်ဦး၊ သုံးဦးပေါင်းစီးကြဖို့ စီမံချက်တွေလုပ်တယ်၊ စည်းရုံးကြတယ်။ car-sharing ဆိုတာကတော့ ကိုယ်ပိုင်ကားသဖွယ်သုံးနိုင်တဲ့ ကားငှား စနစ်ပါပဲ။ park and ride ဆိုတဲ့ စီးလာတဲ့ကား၊ ဆိုင်ကယ်ကို ဘူတာရုံမှာရှိတဲ့ စိတ်ချလုံခြုံစွာထားနိုင်တဲ့ ရပ်နားနေရာတွေမှာထားပြီး ရထားစီးသွား၊ အပြန်ကျမှ ပြန်စီးစေတဲ့စနစ်လည်းလုပ်ကြတယ်။ အဲဒီလိုလုပ်အောင်လည်း park and ride အတွက် သက်သာတဲ့နှုန်းတွေနဲ့ စွဲဆောင်ကြတာပေါ့။ ဥပမာ ကျွန်တော်တို့ဆီမှာဆို အင်းစိန်၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်းတို့လို ဘူတာမျိုးတွေမှာ ရှိသင့်တာပေါ့။ လမ်းအသုံးပြုခွင့်ကို ဦးစားပေးခြင်းက ဘတ်စ်ကားကို လူကြိုက်များအောင် လုပ်တာပါပဲ။ ဘတ်စ်ကားနဲ့သွားခြင်းက ကိုယ်ပိုင်ကားနဲ့ သွားတာထက် ပိုမြန်ပြီဆိုရင် စီးကြပါလို့ပြောဖို့မလိုတော့ဘူးပေါ့။ ဦးစားပေးအဆင့်အမြင့်ဆုံးကတော့ BRT လို့ခေါ်ကြတဲ့ Bus Rapid Transit ကို အကောင်အထည်ဖော်ခြင်းပါပဲ။ MRT (Mass Rapid Transit) လို့ ပြောကြတဲ့ မြို့ပြရထားက ပိုပြီးများများသယ်ပို့နိုင်တယ်ဆိုပေမယ့် လမ်းဖောက်ခြင်း၊ ပြေးဆွဲခြင်းတွေမှာ ရထားထက် ကုန်ကျစရိတ်များစွာ သက်သာတ BRT ကို ဦးစားပေးလုပ်ဆောင်ကြတာဖြစ်ပါတယ်။
.
၂ဝဝဝ ပြည့်နှစ်ကပြုလုပ်တဲ့ အမေရိကန်နိုင်ငံရဲ့ လေ့လာမှုတစ်ခုအရ BRT ဘတ်စ်ကားလမ်းတစ်မိုင်အတွက် ရင်းနှီးမြှုပ်နှံမှုပျမ်းမျှကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြစ်ပြီး LRT (Light Rail Transit) ရထားလမ်းတစ်မိုင်က အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၈ သန်းဖြစ်တယ်လို့ ဆိုပါတယ်။ BRT စနစ်က အခြေခံလိုအပ်ချက်တွေ ရှိပါတယ်။ သီးသန့် ဘတ်စ်ကားလမ်းပေးရပါမယ်။ ရထားလို ဘူတာရုံရှိရပါမယ်။ မြေအောက် ရထားတွေလို ဘူတာအဝင်မှာပဲ လက်မှတ်ခကောက်နိုင်ရပါမယ်။ ကားကြမ်းပြင်နဲ့ ပလက်ဖောင်းတစ်ညီထဲဖြစ်တဲ့ သီးသန့်ကားတွေ ဖြစ်ရပါမယ်။ လမ်းဆုံတွေမှာ BRT ဘတ်စ်ကားက ဦးစားပေးပြေးနိုင်ရပါမယ်။ ဒါကြောင့် လုံလောက်တဲ့လမ်းအကျယ်ရှိဖို့နဲ့ လက်မှတ်အတွက်၊ အချက်ပြတွေအတွက်၊ သတင်းအချက်အလက်ရရှိဖို့အတွက် နည်းပညာတွေလိုလာပြီဖြစ်ပါတယ်။ BRT တစ်ခုတည်း လမ်းပေါ်ကောင်းကောင်းပြေးပြီး ကျန်ကားတွေပြေး စရာလမ်းမရှိရင်လည်း မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့် အချိန်ယူဖို့ လိုပါတယ်။ ချက်ချင်းထလုပ်လို့ဖြစ်တာမဟုတ်ပါဘူး။ BRT စနစ်ရဲ့ အစိတ် အပိုင်းအဖြစ် သူများတွေလုပ်ကြတဲ့ ဖြစ်နိုင်တဲ့နည်းလမ်းလေးတွေကို တင်ပြချင်ပါတယ်။ အဲဒါကတော့ ဘတ်စ်ကားသီးသန့်လမ်း (Bus lane)၊ လူအများ တင်ဆောင်လာတဲ့ယာဉ်တွေ ဦးစားပေးတဲ့လမ်း (High Occupancy Vehicle - HOV lane) သတ်မှတ်ခွင့်ပြုကြခြင်းပါပဲ။
.
HOV lane ဆိုတာကတော့ သတ်မှတ်လူဦးရေနဲ့ အထက်ပါလာတဲ့ ယာဉ်ကိုမှ တက်ခွင့်ပြုတဲ့ လမ်းမျိုးပေါ့။ ကျွန်တော်တို့ဆီမှာ စောင့်ကြည့်နိုင်ဖို့ ခက်ခဲတာမို့ လုပ်ဖို့ခက်မယ်ထင်ပါတယ်။ ဘတ်စ်ကားသီးသန့်လမ်းကို စဉ်းစားကြည့်မိပါတယ်။ လက်ရှိသုံးလမ်းသွားကိုပဲ သူများတွေလည်း လုပ်ကြတာဖြစ်ပါတယ်။ စင်ကာပူမှာဆိုရင် လက်ရှိသုံးနေတဲ့ အစွန်လမ်းကို အဝါလိုင်း အထူတစ်ကြောင်းတားထားတာက အချိန်ပိုင်းဘတ်စ်ကားလမ်းဖြစ်ပြီး အဝါလိုင်းနဲ့အပြိုင် အနီလိုင်းတစ်ခုထပ်တားထားရင် အမြဲတမ်းဘတ်စ်ကားလမ်း ဖြစ်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ ယာဉ်ကြောကျပ်တဲ့ အချိန်တွေမှာ အချိန် ပိုင်းအလိုက် နေရာတွေရွေးချယ်ပြီး ဘတ်စ်ကားတွေပဲသွားနိုင်ဖို့ သတ်မှတ် ပေးရင် ဘတ်စ်ကားတွေ ပိုမြန်သွားမယ်ထင်ပါတယ်။ လမ်းသုံးလမ်းစလုံး အပြည့်သုံးနိုင်ဖို့နဲ့ ကားတစ်စီးနဲ့တစ်စီး အတင်းကျော်တက်မနေရအောင်လည်း လိုင်းအလိုက် ယာဉ်အရေအတွက်တွေ၊ မှတ်တိုင်အလိုက် ရောက်ရမယ့် အချိန်တွေကို ပြန်လည်စီစဉ်ဖို့လည်း လိုမယ်ထင်ပါတယ်။ နောက်ပြီး ဘတ်စ်ကားမှတ်တိုင်တွေဟာ သူများတွေဆီမှာတော့ အတွင်းကိုချိုင့်ဝင်ပြီး Bus bay ထဲဝင်ရပ်တဲ့အတွက် ဘတ်စ်ကားရပ်နေလို့ အခြားကားတွေကို အနှောင့် အယှက်မဖြစ်ပါဘူး။ ဒီမှာက ချိုင့်မဝင်တဲ့အပြင် လမ်းမပေါ်မှာပဲနှစ်ထပ်ရပ်ကြ၊ ကားခေါင်းကြီးတွေ အပြင်ကိုဆွဲထုတ်ထားကြတော့ လမ်းသုံးလမ်းက ဘတ်စ်ကားတွေနဲ့ပဲ ပြည့်နေတော့တာပါပဲ။ ဒါ့အပြင် သူများတွေဆီမှာ ဘတ်စ်ကားတွေ မှတ်တိုင်ထဲကနေ ထွက်လာရင် အခြားကားတွေက ဘတ်စ်ကားကို ဦးစားပေးပြီး ထွက်စေဖို့သတ်မှတ်ထားပါတယ်။ အချို့နေရာတွေမှာဆိုရင် ထွက်လာတဲ့ဘတ်စ်ကားကို လွတ်လပ်စွာထွက်သွားနိုင်ဖို့ အခြားကားက လမ်းပေါ်မှာ ရပ်ကိုစောင့်ပေးရမယ်ဆိုတဲ့ မဖြစ်မနေလိုက်နာရမယ့် Give Way to Buses Existing နဲ့ သတ်မှတ်ထားပါတယ်။ ဖောက်ဖျက်ရင် အပြစ် ကြီးပါတယ်။ မီးပွိုင့်မှာစထွက်ရင် မီးစိမ်းထဲမှာ B ဆိုတဲ့စာလုံးနဲ့ ဘတ်စ်ကားကို ဦးစွာထွက်နိုင်အောင် လုပ်ပေးတာလည်းတွေ့ပါတယ်။ ဆိုလိုတာကတော့ ဘတ်စ်ကားတွေ လမ်းအသုံးပြုခွင့်ကို စနစ်တကျနဲ့ ဦးစားပေးဖို့ကိုယ့်နည်း ကိုယ့်ဟန်နဲ့ မဖြစ်မနေလုပ်ရမယ်လို့ ပြောချင်တာပါပဲ။ သူတို့ စည်းကမ်း ဖောက်ရင်လည်း ပြင်းပြင်းထန်ထန် အရေးယူရပါမယ်။
.
လက်ရှိအခြေအနေမှာတော့ ဘာစည်းကမ်းပဲလုပ်လုပ် အာဏာတည်အောင်၊ စည်းကမ်းမဖောက်ရဲအောင် မလုပ်နိုင်တာက ကျွန်တော်တို့ရဲ့ အဓိကကျတဲ့ အားနည်းချက်ဖြစ်နေပါတယ်။
.
သူများတွေဆီမှာက စည်းကမ်းဖောက် တာတွေကို နည်းပညာတွေနဲ့ထိန်းကြတယ်။ ကျွန်တော်တို့က နည်းပညာ အားနည်းနေသေးတော့ လူများများနဲ့ထိန်းရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယာဉ်ထိန်းရဲအင်အားတွေ တိုးဖို့လုပ်နေကြတာကောင်းပါတယ်။ ဆိတ်ကွယ်ရာ မရှိဖို့ကတော့ ပြည်သူ့အားကိုလည်း ယူသင့်တယ်ထင်ပါတယ်။ စင်ကာပူမှာ snap and send ဆိုတာလုပ်တယ်။ လမ်းပေါ်မှာဖြစ်တဲ့ ထူးခြားဖြစ်စဉ်ကို ဦးဆုံးတွေ့တဲ့လူက ဓာတ်ပုံရိုက်ပြီး ပေးထားတဲ့အင်တာနက်လိပ်စာအတိုင်း ပို့ပေးလိုက်တာပါပဲ။ အခု ကျွန်တော်တို့လည်း လုပ်နိုင်နေပြီလေ။ လူတိုင်းနီးပါး ဖုန်းကိုင်နိုင်၊ အင်တာနက်သုံးနိုင်နေကြပါပြီ။ စည်းကမ်းဖောက်နေတဲ့ကားကို ဓာတ်ပုံရိုက်၊ နေရာလေးဖော်ပြပြီးပို့ပေးဖို့ စီစဉ်ပေးနိုင်ရင် သိပ်ကောင်းမှာပါပဲ။ အချို့ကားတွေလုပ်ပုံက စည်းကမ်းအတိုင်းမောင်းနေတဲ့ လူတွေကို စော်ကားရာ ရောက်တာတွေအများကြီးပါ။ ယာဉ်ထိန်းမရှိတဲ့နေရာတွေဆို ပိုဆိုးတာဖြစ်ပါ တယ်။ စိစစ်ပြီးအရေးယူပေါ့။
.
အခု ဒီဆောင်းပါးရေးနေစဉ်မှာပဲ သတင်းစာထဲ မှာ ''ရန်ကုန်၌ ယာဉ်ကြောကျပ်နေရာများအား ယာဉ်ထိန်း ၅ဝဝ ဖြင့် ပုံသေ ရှင်းလင်းသွားမည်''၊ ''ယာဉ်စည်းကမ်းချိုးဖောက်သူများအား အွန်လိုင်းမှတစ်ဆင့် တိုင်ကြားနိုင်ပြီ''ဆိုတဲ့ သတင်းတွေဖတ်ရပါတယ်။ ကြိုဆိုပါတယ်။ ယာဉ် ထိန်းရဲတွေလည်း စမတ်ကျစေချင်ပါတယ်။ နေပူမိုးရွာမရှောင် တာဝန်ထမ်းရ သူတွေဖြစ်လို့ ဘယ်လိုနည်းနဲ့ ခံစားခွင့်အပိုများပေးနိုင်မလဲ စဉ်းစားဖို့ကောင်း ပါတယ်။ အူမနည်းနည်းတောင့်စေချင်တာပါ။ ဌာနဆိုင်ရာအကြီးအကဲတွေကို မှတ်တမ်းစာအုပ်လေးတွေပေးထားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်တာတွေ သတင်းပို့ပေးနိုင်ဖို့ အရင်ကလုပ်ခဲ့ဖူးပါတယ်။ အခု ယာဉ်မရပ်ရ နေရာတွေသတ်မှတ်ပြီး အရေးယူနေတာတွေကောင်းပါတယ်။ လမ်းတွေကို အပြည့်သုံးနိုင်ဖို့က အလွန်အရေးကြီးပါတယ်။
.
အထက်မှာတင်ပြခဲ့သလို ကောင်းတဲ့စနစ်က ရွေးချယ်ခွင့်ရှိရပါမယ်။ ဒီမှာမရပ်ရရင် ဘယ်မှာရပ်ရမလဲဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့ ဖြေနိုင်အောင် လုပ်ကြရပါမယ်။ ဝိုင်းလုပ်ကြရပါမယ်။ ဆက်စပ်လုပ်ကြရပါမယ်။ ပေါင်းလုပ်ကြရပါမယ်။
.
အခုဖြစ်နေတာက မြို့ပြပို့ဆောင်ရေးနဲ့ ပါဝင်ပတ်သက်သူတွေက များလှပါတယ်။
ယာဉ်မောင်းလိုင်စင်ထုတ်ပေးတာက ကညန၊
လုပ်ငန်းလိုင်စင်ထုတ်ပေးတာက ပစန(မီးရထား)။
ရထားပြေးတာက ရထားဝန်ကြီးဌာန။
လမ်းဖောက်တာက ဆောက်လုပ်ရေး၊ မြို့တော်စည်ပင်။
ယာဉ်ထိန်းရဲက ပြည်ထဲရေး။
ယာဉ်ရပ်နားနေရာတွေက စည်ပင်သာယာ။
ကားပြေးတာက ပုဂ္ဂလိက။
ထိန်းသိမ်းတာက မထသ။
အိမ်ရာတွေ ဆောက်လုပ်တာက အိုးအိမ် (ဆောက်လုပ်ရေး)။
ပါဝင်ပတ်သက်သူတွေ များလွန်းတာကြောင့် ထိရောက်အောင် ညှိနှိုင်းပေးနိုင်ဖို့လိုပါတယ်။ စနစ်ကို သီးသန့်တာဝန်ယူထားတဲ့ အဖွဲ့အစည်း ရယ်လို့လည်းမရှိ။ ကားသမားကလည်း ရထားကိုချိတ်ဖို့ မစဉ်းစားခဲ့ဘူး၊ ရထားသမားကလည်း ကားနဲ့ပေါင်းမှလို့ မစဉ်းစားခဲ့ဘူး၊ ဥပမာ၊ အဝေးပြေးကားဝင်းကြီးက မြို့ပတ်ဘူတာတွေနဲ့ မနီးမဝေးပါ။ ဒါပေမယ့် ကားပေါ်က ဆင်းပြီး ရထားပေါ်တက်နိုင်တဲ့ အကွာအဝေးမှာ မရှိဘူး၊ သန့်သန့်လေး စဉ်းစားခဲ့ ကြတော့၊ သပ်သပ်ကလေးစီဖြစ်ပြီး ရထားမှာလည်း လူမရှိ၊ အဝေးပြေး ကားပေါ်ကဆင်းတဲ့ လူတွေရဲ့ ဒုက္ခတွေကလည်း ကြားလို့ မဆုံးပါပဲ။ အဝေးပြေးကားပေါ်ကဆင်း မြို့ပတ်ရထားပေါ် စုပြုံတိုးတက်ပြီး ငွေနှစ်ရာ၊ သုံးရာလောက်နဲ့ ရန်ကုန်ဘူတာကြီးနဲ့ နီးစပ်ရာ ဘူတာတွေ ရောက်ရင် မကောင်းဘူးလား။ သူများတွေဆီမှာ အဲဒီလိုဖြစ်အောင်ကို အထူးတလည် လုပ်နေကြတာပါ။ ကျွန်တော်တို့မှာ ကံကောင်းစွာနဲ့ ရန်ကုန်ဘူတာကြီးက ရန်ကုန်မြို့လယ်မှာ ရှိနေပါသေးတယ်။ ဆင်ခြေဖုံးဘူတာတွေအနီးမှာ ဂိတ်ဆုံးတဲ့ ခေါက်တိုဘတ်စ်ကားတွေ(Feeder buses) ရှိသင့်ပါတယ်။ ဥပမာ အင်းစိန်၊ မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်းစသည်ပေါ့။ ဖြစ်နိုင်ရင် လက်မှတ် တစ်မျိုးတည်းနဲ့ ကားနဲ့ရထား ပေါင်းပြီးစီးလို့ရတဲ့၊ တစ်ခုစီစီးခြင်းထက် ပိုသက်သာတဲ့ လက်မှတ်လုပ်ပေးနိုင်ရင် အလွန်ကောင်းတာပေါ့။ ခေါက်တိုကားက နေ့တွက်မကိုက်တော့ ဘယ်လိုလုပ်နိုင်မလဲ။
.
အထက်မှာ ပြောခဲ့သလိုPark and ride လုပ်ချင်တော့ မြေနေရာ ဘယ်လိုပေးမှာလဲ။ ကားလမ်းပေါ် ကျူးနေကြတာတွေ ဘယ်လို ရှင်းပေးမှာလဲ။ ဝန်ကြီးဌာနများစွာနဲ့ တိုင်းဒေသကြီးအစိုးရ၊ မြို့တော်စည်ပင် စသည် ပါဝင်ပတ်သက်မှုတွေကို မြို့ပြပို့ဆောင်ရေးရှုထောင့်ကကြည့်ပြီး တာဝန်ခံ ညှိနှိုင်းဆောင်ရွက်ပေးဖို့ လိုပါတယ်။ မြို့ပြပို့ဆောင်ရေးဆိုတာ အရောင်းအဝယ်ပစ္စည်း မဟုတ်ပါဘူး။ အများပြည်သူနဲ့ဆိုင်တဲ့ပစ္စည်း(Public goods) ဖြစ်ပါတယ်။ အများပြည်သူတွေရဲ့ သက်သာချောင်ချိမှုကို ဦးတည် ရမှာ ဖြစ်ပါတယ်။ ကိုယ်ရကိုယ်ယူစနစ်နဲ့ ထားလို့မရဘဲ နိုင်ငံတော်က ပါဝင်ထောက်ပံ့ပေးရမှာဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူတွေ stake holders များတဲ့ လုပ်ငန်းကြီးကို စနစ်တကျဖြစ်အောင် ကွပ်ကဲနိုင်ဖို့ ကြားခံလိုအပ်ပါ တယ်။ အဲဒါကတော့ သူများတွေဆီမှာ Land Transport Authority Urban Transport Authority Transit Authority စသည်ဖြင့် ခေါ်ကြတဲ့ ပို့ဆောင်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဖြစ်ပါတယ်။
.
ကျွန်တော်တို့ဆီမှာ ဟိုတစ်လောကဖွဲ့လိုက်ပြီး ဘာကြောင့်မှန်းမသိ ချက်ချင်းပြန်ဖျက်လိုက်တာ ကြားရပါတယ်။ အခုလည်း မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးနဲ့ မြို့ပြပို့ဆောင်ရေးဆိုင်ရာ စီမံချက်ကြီးတွေ ဂျပန်အကူအညီနဲ့ ရေးဆွဲပြီးပြီလို့ ကြားရပါတယ်။ အလွန်ဝမ်းသာဖွယ် ကောင်းပါတယ်။ ဘယ်လို လုပ်မှာလဲ၊ ဘယ်တော့လုပ်မှာလဲ၊ အလွန်အရေးကြီးလှပါတယ်။ အခုပဲ နောက်ကျလှပါပြီTransport Authority ဖွဲ့ဖို့လည်းပါတယ်လို့ ကြားရပါတယ်။ မြန်မြန်ဖွဲ့စေချင်ပါတယ်။
.
အဲဒီအဖွဲ့ဟာလည်း စီမံကိန်းရေးဆွဲတာတွေ၊ လေ့လာသုတေသနပြုတာတွေ၊ ငွေကြေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ၊ ထိရောက်တဲ့ ညှိနှိုင်းမှုတွေ၊ ကွပ်ကဲမှုတွေ လုပ်နိုင်ဖို့ လုပ်ပိုင်ခွင့်ရှိဖို့ လိုပါတယ်။ လုပ်နိုင်ဖို့လည်း လိုပါတယ်။ မူဝါဒ အားဖြင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကို တာဝန်ခံ၊ နာခံရမှာ ဖြစ်ပေမယ့် လွတ်လပ်တဲ့လုပ်ပိုင်ခွင့်လည်း လိုပါတယ်။ အများပြည်သူတွေ အဆင်ပြေပြေဖြစ်တဲ့အဆင့် မရောက်သေးဘူးဆိုရင် ရောက်အောင်ပစ္စည်း ရောင်းသလို ဈေးကွက်က အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ထားလို့မရဘဲ လိုချင်တဲ့အဆင့် ပြည်သူတွေ စိတ်ချမ်းသာတဲ့အဆင့်ရောက်အောင် စီမံဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ သူများတွေ လုပ်ကြတာ တွေအပေါ် စဉ်းစားနိုင်ဖို့လေ့လာမိသမျှ အကျဉ်းတင်ပြချင်ပါတယ်။
.
အထူးသဖြင့် အရင်းအနှီးမရှိရင်၊ ငွေကြေးဆိုင်ရာလုပ်ပိုင်ခွင့်မရှိရင်၊ ဥပဒေနဲ့အညီ ရပ်တည်နိုင်တဲ့ အဖွဲ့အစည်းမဟုတ်ရင် လုပ်ဖို့ခက်ခဲမှာပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အခွန်အကောက်နဲ့ ပြည်သူတွေ ရင်းနှီးပြီးသား လည်းဖြစ်၊ ပေးရတာနဲ့တန်အောင် လုပ်ပေးထားတဲ့ပို့ဆောင်ရေးစနစ်တွေက လည်းကောင်းတော့ မြို့ပြပို့ဆောင်ရေးကို မူလဘတ်ဂျက်အပြင် အခွန်တွေနဲ့ ဖြည့်ဆည်းပေးကြတယ်။ အဲဒီအခွန်တွေရဲ့ အစိတ်အပိုင်းအချို့ကTransit Authority များသို့ တိုက်ရိုက်ထောက်ပံ့ကြတယ်။ ဒေသအစိုးရတွေကတစ်ဆင့် ပေးကြတယ်။ အခွန်အမျိုးအစားဥပမာတွေကတော့ တိုက်ရိုက်အခွန်တွေက လောင်စာဆီအခွန်၊ မော်တော်ယာဉ်ဝယ်ယူမှု၊ အသုံးပြုမှုအခွန်၊ ယာဉ် ရပ်နားခနဲ့ လမ်းဖြတ်သန်းခများ၊ ဒဏ်ကြေးများ စသည် စသည်။ တစ်ဆင့်ခံ အခွန်တွေကတော့ ရထား၊ ကားစနစ်တွေကြောင့် သူ့အလုပ်သမားတွေ သွားရေးလာရေးအဆင်ပြေသွားတဲ့ အလုပ်ရှင်တွေထံကနေ ကောက်တဲ့အခွန်၊ အလုပ်သမားတွေရဲ့ လစာစာရင်းပေါ်ကနေ ရာခိုင်နှုန်းနဲ့ ကောက်ပါတယ်။ နောက်တစ်မျိုးကတော့ အသစ်လုပ်လိုက်တဲ့ မြို့ပြပို့ဆောင်ရေးကြောင့် အကျိုးသက်ရောက်တဲ့နေရာတွေက မြေကွက်တွေ၊ လူနေအိမ်တွေတန်ဖိုး မြင့်တက်တဲ့အပေါ်ကနေ ကောက်တဲ့အခွန်စတာတွေဖြစ်ပါတယ်။ နောက် အရင်းအမြစ်တစ်ခုကတော့ ပုဂ္ဂလိကနPPPလုပ်ရာကနေရတဲ့ ငွေကြေးပဲ ဖြစ်ပါတယ်။ အဲဒီငွေကြေးတွေနဲ့ အများပြည်သူပို့ဆောင်ရေးစနစ်က Transit Authority တွေက လည်ပတ်ကြပါတယ်။
.
တောင်ကိုရီးယားနိုင်ငံရဲ့ ပို့ဆောင်ရေးစနစ်ဟာ တိုင်းပြည်ရဲ့ စီးပွား ရေးဖွံ့ဖြိုးမှုကို ထိရောက်တဲ့အထောက်အကူဖြစ်စေရတဲ့ အကြောင်းရင်း လေးချက်က အရေးကြီးပို့ဆောင်ရေးအခြေခံအဆောက်အအုံများကို အချိန်မီ တည်ဆောက်နိုင်ခဲ့ခြင်း၊ ပို့ဆောင်ရေးလုပ်ငန်းများကို လုံလောက်စွာငွေကြေး ပံ့ပိုးနိုင်ရေးအတွက် Special Accounts for Transport Facilities ကို ၁၉၉၄ ခုနှစ်တွင် ဥပဒေပြဋ္ဌာန်း၍ ဆောင်ရွက်နိုင်ခဲ့ခြင်း၊ ကုန်ကျစရိတ်များတဲ့ ရထားကို အခြေခံတဲ့စနစ်မဟုတ်ဘဲ အမြန်လမ်းမကို အခြေခံပြီးBRT နှင့် HOV lanes များဖြင့် အောင်မြင်စွာချိတ်ဆက်အကောင်အထည်ဖော်နိုင်ခဲ့ ခြင်းနဲ့ အများပြည်သူပို့ဆောင်ရေးမှာ ICT နည်းပညာများကို အသုံးပြုနိုင်ခဲ့ ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
.
စင်ကာပူရဲ့ အများပြည်သူပို့ဆောင်ရေး စနစ်ကတော့ ရထားကို အခြေခံတဲ့စနစ်နဲ့ သွားနေပါတယ်။ ရေရှည်မှာ ဘတ်စ်ကားတွေဟာ ရထားဘူတာရုံဆီပို့ဆောင်တဲ့ ခေါက်တိုခရီးတွေပဲ ကျန်စေချင်တာပါ။ သို့ပေမယ် MRT နဲ့ LRT တွေမပြည့်စုံမီမှာ ကားစနစ် ကို မြှင့်တင်ပေးလျက်ရှိပါတယ်။ ငွေကြေးထောက်ပံ့မှုမူဝါဒကတော့ Capital cost ကို နိုင်ငံတော်ကကျခံပေးခြင်း ဖြစ်ပါတယ်။ ပြေးဆွဲကုမ္ပဏီတွေဟာ operating cost ဖြစ်တဲ့ ပြေးဆွဲစရိတ်နဲ့ လက်ရှိသုံးနေတဲ့ ယာဉ်တွေရဲ့ တန်ဖိုးလျော့စရိတ်ကို ကာမိအောင်ရှာဖွေရမှာ ဖြစ်ပါတယ်။ သက်တမ်း ပြည့်လို့အစားထိုးရမယ့် ယာဉ်တွေအတွက်လည်း နိုင်ငံတော်ကပဲ ကျခံပေးခြင်း ဖြစ်ပါတယ်။
.
စင်ကာပူရဲ့ဦးတည်ချက်ကတော့ ပြည်သူကိုပေးရမယ့် သတ်မှတ်ထား တဲ့ဝန်ဆောင်မှု အရည်အသွေးကို မဖြစ်မနေ ပေးဖို့ပါပဲ။ ပျက်ကွက်ရင်တော့ အမှုကြီးပါပဲ။ ရထားဖျက်သိမ်းရမှုတွေအတွက် ပြေးဆွဲကုမ္ပဏီတွေကို ဒဏ် ကြေးငွေ ကြီးမားစွာ ပေးဆောင်စေတာမျိုးရှိခဲ့ပါတယ်။ စင်ကာပူရဲ့ ၂ဝ၁၃ ခုနှစ် စီမံကိန်းမှာ ရထားလမ်းတွေ မပြည့်စုံမီ နောက် ၁ဝ နှစ်အတွင်းမှာ ဘတ်စ်ကားအစီး ၅၅ဝ ဝယ်ဖို့နဲ့ ပြေးဆွဲစရိတ်လိုငွေတွေကို ဖြည့်ဆည်းပေးဖို့ စင်ကာပူငွေ ၁ ဒသမ ၁ ဘီလီယံလျာထားပါတယ်။ ပုဂ္ဂလိကကုမ္ပဏီတွေက လည်း ဘတ်စ်ကားအစီး ၂၅ဝ ဝယ်ရမှာဖြစ်ပါတယ်။ သူတို့ဆီမှာတော့ ကုမ္ပဏီ နှစ်ခုပဲရှိပါတယ်။
.
ဒီမှာက ရန်ကုန်မှာ ခရီးသည်တင်ဘတ်စ်ကားစီးရေက ၈,ဝဝဝ၊ ယာဉ်ပိုင်ရှင်တွေက ၅,ဝဝဝ ခန့်ရှိတယ်လို့ တစ်လောက ဖတ်လိုက် မိပါတယ်။ ဘယ်လိုထောက်ပံ့ကြမလဲ။ ဘယ်လိုကွပ်ကဲကြမလဲ။ မြန်မြန် ပြင်ကြရပါမယ်။ အဲဒီကိစ္စတွေအတွက် ဒေသကြီးအစိုးရအဖွဲ့က ဥပဒေပြု တယ်လို့လည်းကြားရပါတယ်။
.
အချုပ်တင်ပြရရင်တော့ ယာဉ်ကြောကျပ်တည်း တာတွေ အထိုက်အလျောက်သက်သာဖို့က အခုလုပ်နေတဲ့လမ်းတွေ အပြည့် အဝသုံးနိုင်အောင် လုပ်နေတာတွေကို အင်တိုက်အားတိုက် လုပ်စေချင်ပါ တယ်။ ဖြစ်နိုင်ရင် ဒီမှာမရပ်ရရင် ဘယ်မှာရပ်ရမလဲ ဆိုတဲ့ မေးခွန်းရဲ့အဖြေ အတွက် လမ်းပေါ်မှအပ ကားရပ်စရာနေရာတွေပေါ်အောင် ဝိုင်းလုပ်ကြဖို့ လိုပါတယ်။
.
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်တာတွေကို လူအင်အားနဲ့ ရှင်းနိုင်အောင်လုပ်နေတာတွေကို အားပေးပါတယ်။ ပြည်သူ့အားနဲ့ နည်း ပညာအားတွေကိုလည်း ယူဖို့ကြိုးစားစေချင်ပါတယ်။ စည်းကမ်းဖောက်ရင် ထိရောက်တဲ့ ပြစ်ဒဏ်ဖြစ်ဖို့လိုပါတယ်။ နောက်တစ်ခုကတော့ တင်ပြခဲ့သလို ဘတ်စ်ကားနဲ့ လူအများတင်ဆောင်လာတဲ့ ကားတွေ လမ်းအသုံးပြုခွင့် ဦးစားပေးနိုင်ဖို့ ဖြစ်နိုင်တဲ့နေရာတွေမှာ အကောင်အထည် ဖော်စေချင်ပါတယ်။ အရေးအကြီးဆုံးကတော့ ရှေ့မှာ ကျွန်တော်တို့အားကိုးရမယ့် Transport Authority ကြီး အမြန်ပေါ်ပေါက်လာစေချင်တာပါပဲ။ ဒါမှ တစိုက်မတ် မတ်နဲ့ ထိထိရောက်ရောက်လုပ်သွားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်က နည်းမှန်လမ်းမှန်နဲ့ ထောက်ပံ့ပေးနိုင်ဖို့လည်း လမ်းကြောင်းပေါ်လာနိုင်ပါတယ်။
.
ဘေးက ပြောတာ၊ ရေးတာ လွယ်သော်လည်း လုပ်သင့်လုပ်နိုင်တာလေးတွေ မြန်မြန်လုပ်ပေးစေချင်ပါတယ်။ နေ့တိုင်း နေ့တိုင်း မိုးကြီးချုပ်မှ ကျွန်ုပ်တို့အိမ် ပြန်ရောက်နေရလို့ပါ။
.
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မြို့ပြပို့ဆောင်ရေးပုံပြင် (၂)
မောင်ပြည်အေး
.
ကြေးမုံ သတင်းစာ
၁၃၇၆ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၄ ရက် ၊
၂၀၁၄ ခုနှစ်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
.
[ GRAPHIC : Bombardier YouCity _ Integrated Multimodal Transport System for Sustainable Urban Mobility (ID- 438) _ 2012 June ]

Original Source : https://www.facebook.com/photo.php?fbid=10152632512632754&set=a.10151340822117754.542022.683512753&type=1&theater

ဗို့အားကျခြင်း၏ သက်ရောက်မှုများ


Written by: တက္ကသိုလ်မိုးဝါ
လျှပ်စစ်ဓာတ်အားပေးပို့မှု မမှန်ခြင်း၊ ပရမ်းပတာမီးသွယ်၍ ဖြန့်ဖြူးမှု စနစ်မကျခြင်း စသည်တို့ကြောင့် သုံးစွဲသူထံသို့ ရောက်ရှိသည့် ဗို့အား(မီးအား) ပမာဏ လိုအပ်သည်ထက် များစွာနိမ့်ကျမည်ဆိုပါက လျှပ်စစ်ကိရိယာတို့အား ဆိုးရွားသော သက်ရောက်မှု များစွာဖြစ်စေမည်။ ဤဆောင်းပါးတွင် နေအိမ်၊ ရုံး၊ စက်ရုံများ၌ အသုံးပြုသည့် လျှပ်စစ်မော်တာများ၊ ပန့်များ မည်သို့ထိခိုက် ပျက်စီးနိုင်ကြောင်း ရေးမည်ဖြစ်သည်။

ကြားဖြတ်၍ လူအများ အမှတ်မှား၊ ယူဆမှားနေကြသော ‘ဝိုင်ယာရှော့ခ်’ (Wire Shock) အသုံးအနှုန်းကို ရှင်းလိုပါသည်။ အမှန်စင်စစ် ဝိုင်ယာရှော့ခ်ဖြစ်သည် မဟုတ်ပါ။ ဝိုင်ယာရှော့ထ်(Wire Short)သာဖြစ်သည်။ မီးကြိုးတွင် အပူကြိုး (လျှပ်စစ်စီးသောကြိုး)နှင့် အအေးကြိုး(လျှပ်စစ်မစီးသော နျူထရယ်လ်ကြိုး) ရှိရာ ထိုကြိုးနှစ်ချောင်းပေါက်ပြဲ၍ ပူးကပ်ထိမိသွားသောအခါ ပတ်လမ်းတို (Short Circuit)ဖြစ်သွား၏။ မီးကြိုးအတိုဆုံး အခြေအနေသို့ ရောက်ရှိသွား၍ လျှပ်စစ်ခုခံမှု (Electrical Resistance)သည် ရုတ်တရက် ပမာဏအားဖြင့် သုညဖြစ်သွားကာ လျှပ်စီး(Current) ပမာဏမှာ ရုတ်ခြည်း အတိုင်းအဆမရှိ တအားမြင့်တက်သွားခြင်းကို ရှော့ထ်ဖြစ်သည်ဆိုခြင်း ဖြစ်၏။ အကာအကွယ်အဖြစ် ပတ်လမ်းဖြတ်ခလုတ် (Circuit Breaker) တပ်ဆင်ထားပါက ထိုခလုတ်သည် ချက်ချင်းမဆိုင်းမတွ ပြုတ် (ပွင့်)သွားမည်ဖြစ်ပြီး သုံးစွဲသူနှင့် လျှပ်စစ်ပစ္စည်း ကိရိယာတို့ကို အန္တရာယ် မပြုနိုင်အောင် ခွဲထုတ်ပေးမည်ဖြစ်၏။ ဝိုင်ယာရှော့ထ်ဖြစ်ပြီး မီးလောင်သည်ဆိုခြင်းမှာ ပတ်လမ်းဖြတ်ခလုတ် ကောင်းကောင်းတပ်ဆင် မထားခြင်ကြောင့်လည်း ဖြစ်သည်။ ပတ်လမ်းဖြတ်ခလုတ်၏ လုပ်ဆောင်ချက်မှာ အလွန်မြန်ဆန်သောကြောင့် ဝိုင်ယာကြိုးများ မီးစွဲမလောင်မီကပင် လျှပ်စီးကို ဖြတ်တောက်ပြီးဖြစ်နေပါပြီ။
သို့ဖြစ်၍ ရှော့ထ်(Short)ဖြစ်သည်ဟု ပြောဆိုသုံးစွဲမှသာ အမှန်ဖြစ်ပါမည်။
လျှပ်စစ်မော်တာ(Motor) အမျိုးအစား များစွာရှိသည်နှင့်အမျှ အိမ်သုံးရေတင်ပန့်မှအစ စက်မှုလက်မှု လုပ်ငန်းသုံးနှင့် ကုန်ပစ္စည်းထုတ်သည့် စက်ရုံအကြီးစားအထိ သူ့နေရာ သူ့လိုအပ်ချက်နှင့် အံဝင်ခွင်ကျ မော်တာကို ရွေးချယ်၍ အသုံးပြုရပေသည်။ မည်သို့ပင်ဖြစ်စေကာမူ မော်တာအားလုံးကို ယင်း၏လုပ်ဆောင်ချက် ဗို့အားလိုအပ်ချက်နှင့် မကိုက်ညီသည့် ဗို့အားပမာဏဖြင့် လည်ပတ်ခိုင်းပါက ယင်း၏စွမ်းဆောင်ရည်နှင့် ကြာရှည်ခံမှုတို့ မုချကျဆင်းစေမည်သာ ဖြစ်သည်။ မော်တာတစ်လုံး၏ တန်ဖိုးသည် မပြောပလောက်သော်လည်း တင်ကြိုမျှော်မှန်း မထားခဲ့သော နေ့စဉ်လုပ်ငန်းလည်ပတ်ခြင်း ရပ်တန့်ထားရမှုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုသည်သာပို၍ ကြီးမားမည်ဖြစ်သည်။
ဗို့အားကျမှု(မီးအားကျမှု)သည် အကြမ်းအားဖြင့် နှစ်မျိုးရှိ၏။ ရုတ်ခြည်းခဏ ဗို့အားကျမှု(Dip)နှင့် ကြာရှည်တည်တံ့သော ဗို့အားကျမှု(Sag)ဟူ၍ ဖြစ်သည်။ ဝန်သယ်ဆောင်နေသည့် မော်တာတစ်လုံး လည်ပတ်နေစဉ် ဗို့အားကျသွားသည်နှင့် အတွင်းရှိ လျှပ်စီးပမာဏ ချက်ချင်းဆိုသလို တက်လာမည်။ တက်လာသောလျှပ်စီးကြောင့် မော်တာတွင်း၌ အပူချိန် တက်လာသည့်အတွက် ကာလတာရှည်လျှင် မော်တာ၏ လျှပ်စစ်နန်းကြိုးများ အားပတ်ထားသည့် လျှပ်တားပစ္စည်း (Insulation)တို့လည်း ပျော်ဝင်ပျက်စီး၍ နန်းကြိုးများအချင်းချင်း ထိကပ်ရှော့ထ်ဖြစ်ပြီး လောင်ကျွမ်းသွားမည်ဖြစ်၏။ ကိန်းဂဏန်းဖြင့် တွက်ချက်ကြည့်ရပါလျှင် ဗို့အား ၁ဝ ရာခိုင်နှုန်း ကျသည်ဆိုပါစို့။ ၂၃ဝ ဗို့ထဲမှ ၁ဝ ရာခိုင်နှုန်းကျလျှင် ၂ဝ၇ ဗို့ကျန်မည်။ အဆိုပါ ၂ဝ၇ ဗို့ဖြင့် လုပ်ဆောင်ပါက မော်တာအတွက် လိုအပ်မည့် အစဦးလည်စွမ်းအား (Starting Torque)သည် မလုံမလောက်ဖြစ်သောကြောင့် ကြီးမားသောဝန်နှင့် ချိတ်ဆက်ထားပါက မော်တာစလည်ရန် အခက်အခဲ ရှိနေပေလိမ့်မည်။

ပုံမှန်သတ်မှတ်ပမာဏထက် ဗို့အားမြင့်တက်လျှင် လျှပ်စီးစီးမှုနည်းသွားပြီး မော်တာတွင်းအပူချိန် လျော့နည်းသွားလိမ့်မည်ဟု သာမန်အားဖြင့် ထင်နေလိမ့်မည်။ အမှန်စင်စစ် ယင်းသို့မဟုတ်ပါ။ ဤဗို့အားမြင့်တက်မှုက မော်တာတွင်းရှိ သံအူတိုင်များအား သံလိုက်ဓာတ်ပြည့်ဝခြင်း အခြေသို့ တွန်းပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် မော်တာပုံမှန် အလုပ်လုပ်ရန် သံအူတိုင်များသည် သံလိုက်ဓာတ် ပိုမိုလိုအပ်လာသောကြောင့် လျှပ်စီးပမာဏသည် အလိုအလျောက် မြင့်တက်သွား၏။ မြင့်တက်သွားသော လျှပ်စီးက အပူချိန်ကို ပိုမိုဖြစ်လာစေသည်။

ဗို့အားအတက်အကျ ဖြစ်ပွားမှုကြောင့် အခြားလျှပ်စစ်သံလိုက်သုံး ပစ္စည်းကိရိယာများ၏ သက်တမ်းကိုလည်း တိုတောင်းသွားစေသည်။ မီးချောင်းတွင်သုံးသော ချုတ် (Ballast)များ၊ သံလိုက်ခွေ(Solenoid)များ၊ ထရန်စဖော်မာများ၊ ရီလေး(Relay)ခလုတ်များ၊ စသည်တို့မှာ သံလိုက်အူတိုင်ကို တစ်နည်းနည်းဖြင့် သုံးထားသည်ဖြစ်၍ ဗို့အားအတက်အကျ မမှန်မှုကြောင့် ကိရိယာသက်တမ်း ထက်ဝက်ခန့်သို့ ကျဆင်းသွားတတ်ကြသည်။

သံရည်ကျို လျှပ်စစ်မီးပန်းကူး မီးပြင်းဖို (Electric Furnace) (အပူချိန် ၂ဝဝဝ ဒီဂရီဆဲလ်စီးယပ်စ်)များတွင် ဗို့အားကျမှု ဖြစ်ပေါ်ပါက ယင်းမီးပြင်းဖိုအား တစ်စုံတစ်ရာ ထိခိုက်ခြင်း မဖြစ်စေနိုင်သော်လည်း ကုန်ထုတ်လုပ်မှုကို နှောင့်နှေးသွားစေမည့်အပြင် ကုန်ထုတ်လုပ်စရိတ်ကိုလည်း မြင့်တက်သွားစေမည် ဖြစ်သည်။

သတင်းအချက်အလက် နည်းပညာခေတ်တွင် ဗို့အားကျမှုကြောင့် ကွန်ပျူတာ၊ PLC (Programmable Logic Controller)ကဲ့သို့သော အီလက်ထရွန်နစ် ပစ္စည်းများအား ရုတ်တရက် အလုပ်မလုပ်ဘဲ ရပ်တန့်သွားစေနိုင်သည်။ ယင်းသို့ဖြစ်ခြင်းကြောင့် အရေးပါ သတင်းအချက်အလက်များ ပျောက်ဆုံးသွားခြင်း၊ အပူလွန်မှုကြောင့် ပစ္စည်းကိရိယာများ ပျက်စီးခြင်း စသည်တို့ ဖြစ်ပွားနိုင်လေသည်။
လျှပ်စစ်မော်တာသည် လျှပ်စစ်စွမ်းအင်မှ စက်မှုစွမ်းအင်သို့ ပြောင်းပေးသော စက်ကိရိယာဖြစ်သည်။ အကြီးစား စက်မှုလုပ်ငန်းသုံးမှစပြီး ပန်ကာ၊ နာရီ၊ ကွန်ပျူတာဟတ်ဒရိုက်ဗ် (Hard Drive)၊ စာရိုက်စက်(Printer)၊ စသည်တို့၌သုံးသော သေးငယ်သည့် မော်တာများအထိ မော်တာအမျိုးအစားပေါင်း ဆယ်ချီ၍ရှိသည်။ ဒီစီဓာတ်ခဲဖြင့် လည်ပတ်သော စီဒီ၊ ဒီဗီဒီ၊ ဓာတ်ပြားဖွင့်စက်၊ လက်ကိုင်ဖောက်စက်၊ သစ်သီးဖျော်စက်၊ ဖုန်စုပ်စက်တို့တွင်လည်း မော်တာအသေးစားများသည် အသုံးဝင်လှသည်။
အထူးပြုမော်တာ (Specialty Motor) စာရင်းဝင် ‘တစ်ထစ်ရွေ့မော်တာ’ (Stepper Motor) မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ထိုမော်တာ၏ လည်ပတ်ခြင်း တစ်ပတ်တိတိကို အထစ်ပေါင်းအညီအမျှ ခွဲဝေထားပြီး လျှပ်စစ်တစ်ချက် ပို့လွှတ်လိုက်တိုင်း မော်တာသည် တစ်ထစ်ရွေ့သွား၏။ ယင်းသို့ဖြင့် လိုအပ်သော ရွေ့လျားမှုကို အတိအကျ ထိန်းပေးနိုင်ခြင်းဖြစ်သည်။ တစ်ထစ်ရွေ့ မော်တာအမျိုးအစားကို ကွန်ပျူတာစာရိုက်စက်များတွင် လည်းကောင်း၊ စက်မှုသုံး ကိရိယာ တန်ဆာပလာများတွင်လည်းကောင်း တိကျအံကိုက်မှု လိုအပ်သည့်နေရာများ၌ တပ်ဆင်အသုံးပြုကြသည်။
ဗို့အားကျမှုကြောင့် လုပ်ငန်းမှန်သမျှ မော်တာအနည်းနှင့်အများ အသုံးပြုရသဖြင့် ပစ္စည်းကိရိယာများကို မြန်ဆန်စွာ ပျက်စီးယိုယွင်းစေရုံမျှမက လုပ်ငန်းဖြစ်စဉ် အဆင်ပြေချောမွေ့မှုကိုလည်း အနှောင့်အယှက် ဖြစ်စေသည်။

ဗို့အားအလွန်အမင်း ကျသွားသည်ဆိုပါက မော်တာများအား ကာကွယ်ရန် အထိန်းအညှိအဖြစ် တပ်ဆင်ထားသော အော်တိုထရန်စဖော်မာပင်လျှင် လျှပ်စီးလွန်ကြောင့် လောင်ကျွမ်းသွားနိုင်သည်။
ဤဆောင်းပါးတွင်ပါရှိသည့် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ လူအများနားလည် သဘောပေါက်လွယ်စေရန် ရည်ရွယ်၍ ရေးထားခြင်းဖြစ်သောကြောင့် အချို့နေရာတို့၌ တိကျမှန်ကန်မှု အားနည်းကောင်း အားနည်းနေပါမည်။ ဆောင်းပါးနေရာရရန် အခက်အခဲလည်း ရှိသောကြောင့် ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြနိုင်ခြင်း မရှိသည်ကိုလည်း နားလည်ကြမည်ဟု မျှော်လင့်မိပါသည်။

အလျဉ်းသင့်လျှင် ဗို့အားကျမှုက အီလက်ထရွန်နစ် ပစ္စည်းကိရိယာများအပေါ် ဆိုးကျိုးမည်သို့ သက်ရောက်မည်ဆိုသည်ကို ရေးသားတင်ဆက်ပါဦးမည်။

Source : https://www.facebook.com/ElevenMediaGroup/photos/a.211329105571387.50706.114803668557265/715518988485727/?type=1