Showing posts with label ရွေးကောက်ပွဲစနစ်. Show all posts
Showing posts with label ရွေးကောက်ပွဲစနစ်. Show all posts

Sunday, August 17, 2014

တယောက်မှ မကြိုက်ရင် ၂၀ ပေးရတဲ့ အော်ဇီရွေးကောက်ပွဲ

I confirmed that the government of Australia has changed  . . .
အသံ ခပ်တုန်တုန် နဲ့ ပြောလိုက်တဲ့ သြစတြေလျ လစ်ဘရယ်ပါတီခေါင်းဆောင် တိုနီအဲဘတ် ရဲ့ မိန့်ခွန်း မှာ၊ အပျော်တွေ ဘယ်လောက် စွတ် နေမယ်ဆိုတာမေးစရာပင် မလိုပါ။ ပြုံးနေတဲ့ သူ့မျက်နှာ ဘေး မှာ ၊ ပြုံးနေတဲ့ သူ့မိသားစု သမီး သုံးယောက်ရဲ့အပြုံးတွေ။ တကယ်တော့ ၊ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မူ နဲ့ အားကစားလှုပ်ရှားမူတွေကိုအမြဲ ဂုဏ်ယူနေတတ်တဲ့  ပြုံးဖြဲဖြဲမျက်နှာ ရယ်.. . လေဘာပါတီ ကို ပြောစရာ တခု ရသွားတိုင်း အားရနေတတ်တဲ့ မျက်နှာပြုံးစပ်စပ် ရယ်ကို မကြာခဏ ဆိုသလို မြင်နေကြ ဖြစ်နေပြီမို့ ၊ အခု မဲ အနိုင်ရသွားတဲ့ သူ့မျက်နှာဟာထူးပြီးတော့  ပြုံးပျော်နေတယ်လို့ မထင်မိတော့။

အဲဒီလိုပဲ ၊ မဲ ရှုံးသွားတဲ့ လေဘာပါတီ ခေါင်းဆောင်ကီဗင်ရုဒ် မျက်နှာကို ကြည့်တော့လည်း ၊ တလျှောက်လုံး မကျေမနပ်မူတွေနဲ့ မဲ့ ခွက်လာခဲ့ ပြီးမှတော့ ၊ ထပ်ပြီး မဲ့ စရာ ရှိတော့ဟန်မတူ ။ အကောင်းဆုံး အတိုက်အခံ အဖြစ်ဆက်လက်ကြိုးစားသွားမယ်လို့ ထူးခြားစွာပင် ပြုံး ပြီး ပြောနေ ပေမဲ့လည်း  မဲ့ပြုံး သာ ဖြစ်တော့သည်။ အရင်တခေါက် ၀န်ကြီးချုပ်အဖြစ်ကနေဆင်းရတုန်းက မျက်ရည်ကျ ခဲ့သလို များ ဖြစ်အုံးမလားလို့ စိတ်ပူပန်နေပုံ ရတဲ့ သူ့အမျိုးသမီးက၊ဘေးမှာ အရိပ်တကြည့်ကြည့်။ မကြာလှသေးခင် လေးငါးလ တုန်းကမှ ၀န်ကြီးချုပ် ပြန်ဖြစ်လာရတဲ့သူ ၊ အခုတော့..နောက်ထပ် တဖန် ၀န်ကြီးချုပ်အဖြစ်က ဆင်းပေးရပေအုံးမည်။ ရွေးကောက်ပွဲရှုံးရတဲ့ အပြင် ၊ အားလုံးက ဒီအရှုံးအတွက် သူ့မှာ တာဝန်ရှိတယ် ဆိုပြီး ပါတီခေါင်းဆောင်အဖြစ်တောင်အလိုမရှိ နေ တော့တဲ့ ၊ သူ့အဖြစ်က ဆိုးတော့ ဆိုးလှသည်။ သူကိုယ်တိုင်ကလည်း ဒီ အရှုံးအတွက်သူ့မှာ တာဝန်ရှိတယ်လို့ ၀န်ခံ ပါသည်။ ဒီမိုကရေစီ ဆိုတာမှာ နိုင်ငံရေး လောကဓံ ကိုလည်းခံနိုင်ရည်ရှိ ဦးမှကိုး ။

ပြောလည်း ပြောချင်စရာ ကောင်းလောက်အောင် လေဘာပါတီမှာသူ့ ပြသာနာတွေနဲ့ သူ ရှုပ်ထွေးနေခဲ့သည်။ ရှားရှားပါးပါး အနိုင်ရ ခဲ့တဲ့ ၆ နှစ်တာ ကာလသက်တမ်းလေးကို ဒီ့ထက်ရှည်အောင် ဆက်မဆွဲဆန့် နိုင်ခဲ့။ ကိုယ်တွေ သြစတြေလျ ကို စရောက်တော့.. . ဂျွန်ဟားဝဒ် အဘိုးကြီးရဲ့ လစ်ဘရယ်ညွန့်ပေါင်းအစိုးရ က၊ သက်တမ်း တော်တော် ရင့်နေပြီ။  လုံခြုံရေး သုံး လေးယောက် လောက် နဲ့ ညနေတိုင်းလမ်းလျှောက်တတ်တဲ့ ၀န်ကြီးချုပ် အဘိုးကြီးကို ၊ အားကစားဝတ်စုံ ကြီးနဲ့ အေးဆေးပဲလမ်းလျှောက် နေတာ မြင်တော့ သဘောတွေ ကျ ခဲ့မိသေးတယ်။ နောက်တော့. . . ၀န်ကြီးချုပ်မပြောနဲ့. . . သြစတြေလျ တနိုင်ငံလုံး  သာတူညီမျှစနစ်အောက်မှာ ဆင်းရဲ ချမ်းသာ မကွာလှ မခွဲခြားလှပဲ ရိုးရိုးရှင်းရှင်း နေထိုင်ကြတာကို ၊ တွေ့လာရတော့၊ ဆရာကြီး ရွှေဥဒေါင်း လိုချင်တဲ့ လွတ်လပ် မျှတ တဲ့ ဆိုရှယ်လစ်လူ့ဘောင်ဆိုတာ.. ဒါပဲဟ လို့ သိလာရတော့တယ် ။  အဲ့ဒီတော့လည်း ၂၀၀၈ ခုနှစ်မှာ လက်ဝဲယိမ်းတဲ့ လေဘာပါတီ ထူးထူးခြားခြား အနိုင်ရလာတော့ ၊ တိုင်းပြည်အတွက်ဘာမှပိုပြီး ဆိုရှယ်လစ် ထပ်ဆန်စရာ အကြောင်း မရှိတော့ ။ ဒီလိုပဲ အားလုံး စရိတ်မျှကူ စနစ်နဲ့  လခ များများရတဲ့ လူတွေက အခွန်များများဆက် ထမ်း. . . လခ နည်းတဲ့ လူတွေ ၀င်ငွေ မရှိတဲ့ လူတွေကို အစိုးရ က အဲ့ဒီအခွန်တွေ နဲ့ ပြန် ထောက်ပံ့ ပြန်ပြုစု ပြန်စောင့်ရှောက်. . . ဒါပါပဲ ။ အဲ့ဒီတော့ လေဘာပါတီက နည်းနည်း စတန့် ထွင်ပြီး ၊ လေထုညစ်ညမ်းခ ကာဘွန်အခွန် ကောက်မယ် တို့ ၊  သတ္တုခွန်တွေ တိုးမြှင့်မယ် တို့ ၊ ဆိုပြီး လုပ်လာတယ်။သာမာန်ပြည်သူတွေ ကို ဘာမှမထိခိုက်ဘူး လို့ ယူဆရပေမဲ့ ၊ အခွန်ထိ မဲ့ ကော်ပိုရေးရှင်းကြီးတွေက အကြီးအကျယ်ကို လှုံ့ဆော် ကန့်ကွက်ကြတယ်။ နေ့စဉ် ရက်ဆက် သတင်းစာ အလယ် တမျက်နှာလုံးပြည့်ကြော်ငြာကြီးတွေ ထဲ့ ပြီး သူတို့ ကို အခွန်တိုးရင်. . .  လုပ်ခ လစာတွေ မပေးနိုင်ရင် . . .အလုပ်တွေ လျှော့ရင်. . .  ပြည်သူတွေပဲ ထိခိုက်မယ် လို့  ပြန် ခြိမ်းခြောက်တယ်။ ရေဒီယိုတွေ တီဗွီတွေ မှာနေ့တိုင်း အော်တယ်။

 နောက်တော့ အဲ့ဒီ အကြောင်းရင်းခံ ကြောင့်ပဲ ၊ လေဘာပါတီ ခေါင်းဆောင်ဝန်ကြီးချုပ် ကီဗင်ရုဒ် ကို သူ့လက်ထောက် ဂျုလီယာဂေးလာ့ဒ် က၊  ပါတီဝင် မဲ နဲ့ဖြုတ်ချပြီး  ပထမဆုံး ကြားဖြတ် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတော့ တယ်။ ဂျုလီယာဂေးလာ့ဒ် က ၊ အဲဒီ Mining Super Profit Tax ကိုနည်းနည်း ညှိပေး ပြီး ပြသာနာကို ဖြေလျော့ပေးလိုက်တယ်။ ဒါပေမဲ့ မိုင်းနင်း ကုမ္ပဏီ ကြီးတွေ ၊ သတ္တုလုပ်ကွက် ပိုင်ရှင်သူဌေးကြီးတွေ အတွက်တော့ လေဘာပါတီ ဦးဆောင်လာတာ ကို ဘယ်လိုမှ ကြည့်မရ ရှုမရ ဖြစ်နေမှာကတော့အသေအချာ ။ ဒီကြားထဲ ၊ အဖြုတ်ခံလိုက်ရတဲ့  ကီဗင်ရုဒ်ကလည်း ၊ နိုင်ငံခြားရေးဝန်ကြီး ပေးထားတာနဲ့ မကျေနပ်နိုင်ဘူး ။ သူ့ကို အကြောခံလိုက်ရတာကိုအခဲမကြေ ဆင်ကြံ ကြံ နေခဲ့တယ် ထင်ပါရဲ့ ။ ဂျုလီယာဂေလဒ်  ၀န်ကြီးချုပ်သက်တမ်း ၃ နှစ်အကြာ မှာ ၊ ဇာတ်လမ်းကပြန်စ တော့ တယ်။

ဒီတခါ တော့ ဂျုလီယာဂေလာ့ဒ် အလှည့်ပဲ ။ ပါတီထဲမှာ မဲ ပြန်ခွဲပြီး ဂျုလီယာဂေလာ့ဒ်ကို ပြန်ဖြုတ်ချ လိုက်ပြန်တယ်။ ဒီတခါတော့ ဂျုလီယာဂေလာ့ဒ် က ပြတ်တယ်။ မျက်နှာကြီးမဲ့ပြီး အီပိတ် ဆင်ကြံကြံနေတဲ့ ကီဗင်ရုဒ် ထက် ပိုပြတ်သားတယ်။ ဒီတခေါက် မဲခွဲ လို့သူရှုံးရင် ပါလီမန်ထဲကို ကို ပြန်ကို မလာတော့ဘူး ဆိုပြီး ၊ တခါတည်း ပျောက်သွားလိုက်တာ၊ အခု သူတို့ပါတီ ကြီး အရှုံးကြီး ရှုံးသွားတဲ့ အချိန်ထိကို သူမ ကို ဘယ်မီဒီယာသတင်းမှာမှ မတွေ့ရ ။ ဒါပေမဲ့ မနေ့ညကတော့ ၊ လပေါင်းများစွာ ညိမ်သက်နေတဲ့ သူ့ ဖေ့စ်ဘွတ် စာမျက်နှာကနေပြီး၊ ကီဗင်ရုဒ် နဲ့ လေဘာပါတီခေါင်းဆောင် တချို့ကိုအားပေးထားတဲ့ ၀ါကျ တချို့ နဲ့ အတူ ၊ အနိုင်ရ ပါတီကို ကွန်ဂရက်ကျုလေးရှင်း လုပ်ထားတဲ့စာကြောင်းလေးတွေ တက်လာခဲ့တယ်။ သူ့ခမျာ . . . ဟို ယောက်ျားကြီး ၂ ယောက်ကသာ ၊ မဲ နိုင်မိန့်ခွန်းမှာရော မဲရှုံး မိန့်ခွန်းမှာပါ ၊ ၀န်ကြီးချုပ်တာဝန် ၃ နှစ် ထမ်းဆောင်ခဲ့တဲ့မိန်းမ တယောက် နာမယ်ကို တခွန်းတပါဒ မှ ၊ ထဲ့မပြောပေမဲ့ လို့ ၊ သူကတော့ ပြောရှာ အားပေးရှာပါတယ်။

ဘာပဲပြောပြော ဒီအမျိုးသမီးကို တော့ သဘောကျမိတယ်။ သူကိုယ်တိုင်အင်္ဂလန်ကနေ ရွှေ့ပြောင်းအခြေချ လာတဲ့ ကျောက်မီးသွေးမိုင်းတူးသမားတယောက်ရဲ့ သမီး အဖြစ်၊ အလုပ်သမား လူတန်းစား နဲ့ သာမန်ပြည်သူတွေရဲ့ အကျိုးကို ပိုကြည့်တာကတော့ သိသာလှသည်။ဝန်ကြီးချုပ်တယောက် ဖြစ်လာလို့ တာဝန်ပိုခံ လာရတာကလွဲ လို့ နေ့စဉ် ပါလီမန်ထဲမှာ သူမ၀တ်နေတဲ့ အပေါ်ဝတ် ကုတ်အကျီ င်္တွေ တောင် မှတ်မိနေရလောက် တဲ့ နိုင်ငံခေါင်းဆောင် လုပ်သူတယောက် ကို မြင်တော့ ၊ မုန့်ဟင်းခါးရောင်းမယ်တို့ ကော်ဖီဆိုင်ဖွင့်တာတို့ ထမင်းဆိုင်ဖွင့်တာတို့  ယာတောအိမ်ကြီးနဲ့ မွေးမြူရေးလုပ်ပြတာတို့ ၊ လယ်သမားတွေမြေသိမ်းတာတွေ ရပ်ပါဆိုပြီး လူလို အသံကောင်းဟစ်ပြီး အစိုးရပိုင် စက်ရုံတွေ မြေတွေကိုလက်သိပ်ထိုး ယူထားတဲ့ မြန်မာပြည်က အသီးသီး အသက သော နိုင်ငံခေါင်းဆောင် ဆိုသူများကိုသတိရမိတယ်။  အဲဒီလို အပေါ်ယံ ရွှေမှုန်ကျဲပြီးအထဲက လောက်ထိုး ချစား နေတဲ့ အုပ်ချုပ်မူ လူနေမူပုံစံ တခုစီကနေ   ပြောင်းရွှေ့ လာသူ တယောက်မို့  ၊ ( အခွန်ထမ်းရတာ လေးလံသော်ငြားလည်း ) သာတူညီမျှဆိုရှယ်လစ်ဝါဒ စစ်စစ်ကို မူအားဖြင့် နှစ်သက်ထောက်ခံ မိတာ ဆန်းတော့မဆန်း ။ ပြီးတော့လတ်တလောမှာ မှ ၊ အလုပ်သမားသမဂ္ဂတွေ ကို စိတ်ဝင်တစား လေ့လာနေမိတော့ ၊  ဒီ တချီ ရွေးကောက်ပွဲ မှာ ၊ လေဘာပါတီ ရှုံးသွားရတာကို ၊ စိတ်တော့ မကောင်းမိဘူး။ ဒီပုံအတိုင်း ဆို နောက်တချီ ပြန်လာဖို့ တောင် မလွယ်။အားလုံးကလည်း ၊ ပါတီတွင်း ခေါင်းဆောင် မညီညွတ်မူကြောင့် ၊ လူထု ရဲ့ ယုံကြည်မူတွေလျော့ပြီး ရွေးကောက်ပွဲ ရှုံးရတယ် ဆိုတာကိုပဲ ထပ်ကာ ထပ်ကာ ပြောနေကြတော့တယ် ။ အင်္ဂလန်ကမီလီဘန် တို့ လေဘာပါတီကတောင် သြစတြေလျ လေဘာပါတီ ကို သင်ခန်းစာ ယူဖို့ သုံးသပ်နေကြရသတဲ့။

ပြောသာ ပြောတယ်။ လေဘာကို မူအားဖြင့် သဘောကျရင်တောင်၊ ဒီ မျက်နှာမဲ့ကြီး နဲ့  ကြိတ်ကြံနေတတ်တဲ့ကီဗင်ရုဒ် ဆက်အနိုင်ရရင် လည်း ၊ လူအားဖြင့်တော့ ၊ စိတ်ပျက်မိမှာပဲ ။ သြစတြေလျ နိုင်ငံရေးများ.. . လူရှား လိုက်ပုံ ။  တဖက်က ပြောင်စပ် စပ်မျက်နှာပေး နဲ့ ကာယဗလ တပြပြ လုပ်နေတဲ့ တိုနီအဲဘတ် ကြီး ၊ တက်လာတော့ လည်း ၊ အခု စိတ်ညစ်ရတာပါပဲ။  အသိ အဖိုးကြီး တယောက်က ဆို . . .  ငါတော့  တယောက်မှမကြိုက်လို့ မဲသွားမပေးဘူး ဒဏ်ကြေးပဲ ဆောင်လိုက်တယ် . . . တဲ့။ ဒီမှာက.. မဲ မပေးမနေရ ကိုး။ တယောက်မှ မကြိုက်လို့ မဲမပေးချင်ရင်တော့ ဒဏ်ငွေ ၂၀ ပဲ ။
တကယ်တော့ ကိုယ်တွေ နေတဲ့ မြို့မှာက ၊ လေဘာ လည်း အားသိပ်မကောင်း၊ လစ်ဘရယ် လည်း အားသိပ်မကောင်းပဲ ၊ နေရှင်နယ် လို့ ခေါ်တဲ့  ပါတီက အစဉ်အလာ ရှိတာ။  ဒါမဲ့ ကိုယ် မှ နေရှင်နယ် မဟုတ်တာ  ၊ နေရှင်နယ်ပါတီ ဆို ပိုတောင် ဝေးရော ။

တကယ်က ဒီနှစ် ၊ ဂျုလီယမ်အာဆမ် ရဲ့  ၀ီကီလိ ပါတီအသစ်ကို စိတ်ဝင်စားနေမိ တာ။ ဖြစ်ချင်တော့သူ့ခမျာ . . . ၀ီကီလိ ကသာ တကမ္ဘာလုံးမှာ ဟိုးဟိုးကျော်ခဲ့ပေမဲ့ ၊ သူ့ ၀ီကီလိ ပါတီလေးမှာဖြင့်၊  မဲက တစ်  ရာနှုံးတောင် မပြည့် ရှာ။  အကယ်လို့ ကံကောင်း မီးကောင်း ပါလီမန် မှာ ၀ီကီလိက ၊ ခုံ တခုံ ရ ရင်တောင် ၊ အီကွေဒေါ သံရုံးထဲက အပြင်ထွက်တာနဲ့ ဖမ်းခံထိ နိုင်တဲ့မစ္စတာ ဂျုလီယမ်အာဆမ် ခမျာ ၊ သူ့ မိခင် သြစတြေလျနိုင်ငံ ကို ဘယ်လို ပြန်လာ ပြီး ၊နိုင်ငံရေးလုပ်မယ်လို့ စိတ်ကူးယဉ် နေခဲ့ လေ သလဲ မသိ။ ခုတော့ အီကွေဒေါ မှာ ပဲ ဆက်နေပေဦးတော့အာဆမ်း ရေ ။

တကယ်တော့လည်း ၊ ဒီမိုကရေစီ လူ့ဘောင် နဲ့ ပါလီမန် စနစ်ကိုအသေအချာ အကျအန တည်ဆောက်ထားပြီး တဲ့ နောက်မှတော့၊ ဘာပါတီပဲ တက်တက် . . . လက်ဝဲပဲ ယိမ်းယိမ်း. . .လယ်ယာပဲ ထိုးထိုး . . . အလယ်ခေါင်ပဲ ကျကျ . . . ဘာမှ ထူးပြီး ကြောင့်ကြစရာ မလိုလှတော့ပါဘူးလေ။နောက်ပြန်သွားမှာ တို့ . . . ချောက်ထဲ ကျခါနီးမှာတို့  ကိုလည်း ပူပင်နေစရာ မရှိ ပါဘူး။ ပြောကြစတမ်းဆို၊ မြန်မာပြည်က ၁၉ ၉ ၀ ဒီမိုကရေစီ ပါတီစုံ ရွေးကောက်ပွဲကြီးမှာ ခြိမ့်ခြိမ့်သဲသဲ အူလှိုက်သဲလှိုက်သောင်ပြိုကမ်းပြို မဲတွေထဲ့ခဲ့  အောင်ပွဲခံခဲ့တာကြီးကို ကြုံဘူး ခဲ့တဲ့  မြန်မာ လူမျိုး တယောက်အနေ နဲ့ တော့ ၊ သြစတြေလျ က ရွေးကောက်ပွဲ ဆိုတာ စိတ်လှုပ်ရှားစရာ နည်းပါးလွန်းလှပါတယ်လေ။အင်းလေ. . .   ဒါကပဲ နိုင်ငံ တနိုင်ငံ ရဲ့တည်ငြိမ်တဲ့ အလှတရား တခု . . . ခိုင်မာတဲ့ ယန္တယားတခု မဟုတ်လား. . . ။

K.ကေသွယ်
၈ ရက် စက်တင်ဘာ ၂၀၁၃

ရွေးကောက်ပွဲစနစ် ဒီဇိုင်းဆွဲခြင်း


ကမ္ဘာ့နိုင်ငံတော်တော်များများ ရွေးကောက်ပွဲကျင်းပပုံတွေ အကြောင်း International Institute for Democracy and Electoral Assistance က စာအုပ်ကို မြန်မာလို ဘာသာပြန်ထားလို့ အသုံးဝင်မယ်ထင်တယ်။ အများစု ကိုယ်စားပြုစနစ်၊ အချိုးကျကိုယ်စားပြုစနစ်၊ စနစ်ရော (mixed systems) အစရှိသဖြင့် တော်တော်လေး ပြည့်၂စုံ၂ ဖော်ပြထားပါတယ်။ မြန်မာပြည် Connection နဲ့ ဒေါင်းလုပ်ဆွဲလို့ရမယ်လို့ မျှော်လင့်ပါတယ်။

Electoral System Design: The New International IDEA Handbook (Burmese)

အချိုးကျမဲပေးစနစ် (PR) အကြောင်းအကျဉ်းချုပ်


ပီမှ အာ ကြစေချင်သည်

ပီမှ အာ ကြစေချင်သည်
ဇာဂနာ

တကယ်တော့ သည်ဇာတ်လမ်း၏ အစမှာ ၂၀၁၂ ဖေဖော်ဝါရီလ ၁၅ရက်နေ့ဖြစ်သည်။ အမေရိကားသို့ ကျွန်တော် ခေတ္တ ရောက်နေချိန်မှာ ဆန်ဖရန် စစ်စကိုမြို့ အနီးရှိ စတန်းဖို့ဒ် တက္ကသိုလ်သို့ လည်ခွင့်ကြုံခဲ့သည်။ ကျွန်တော် ထောင်ထဲမှာ ရှိနေစဉ်က လယ်ရီဒိုင်းမွန်း ရေးသားသည့် ဒီမိုကရေစီ စိတ်ထားဆိုသော စာအုပ်ကို ဖတ်ဖူးသည်။ နှစ်ခြိုက်ဖူး၏။ သည်အကြောင်းကို အမေရိကန်နိုင်ငံ ၀ါရှင်တန်မှာ ရှိနေစဉ် NEDမှာ ပြုလုပ်သည့် ဟောပြောပွဲ၌ ထည့်ပြောမိလိုက်သည်။ ဖြစ်ချင်တော့ ပရော်ဖက်ဆာ လယ်ရီဒိုင်းမွန်းက NEDမှ သုံးလတစ်ကြိမ် ထုတ်ဝေနေသည့် ဒီမိုကရေစီ ဂျာနယ်၏ ခေါင်းကိုင် ဖခင်ဖြစ်နေလေသည်။ သည်မှာတင် ဆရာ လယ်ရီဒိုင်းမွန်းနှင့် ဆုံတွေ့ဖို့ အကြောင်း ဖန်လာတော့၏။ NEDမှာ အမှုထမ်းခဲ့သော ကိုမင်းဇင်က ဆရာ လယ်ရီဒိုင်းမွန်း၏ ကျောင်းသား။ ကိုမင်းဇင်မှတစ်ဆင့် လယ်ရီဒိုင်းမွန်းက သူ့ကျောင်းတော်ကြီးဆီသို့ ကျွန်တော့ကို ဖိတ်ခေါ် လိုက်လေသည်။

ကျွန်တော်ရောက်သွားတော့ ဆရာ လယ်ရီဒိုင်းမွန်းနှင့် စကား တွေအများကြီးပြောခဲ့သလို သူ့ဆီ ကတစ်ဆင့် တခြားသော မြန်မာ့ အရေးကို စိတ်ဝင်စားသည့် နိုင်ငံ ရေး သိပ္ပံဆရာနှင့် အဆက်အ သွယ် ရခဲ့သည်။ ဆရာ လယ်ရီဒိုင်းမွန်းက မြန်မာပြည်အကြောင်း ကောင်းကောင်းသိသည်။ တော် တော်လည်းလေ့လာထားသည်။ စေ့ စေ့စပ်စပ်ဆွေးနွေးသည်။ နှိုက် နှိုက်ချွတ်ချွတ်မေးတတ်သည်။ သို့ ဖြင့် ကျွန်တော်တို့ စကားဝိုင်းက အချိန်တော်တော် ယူခဲ့၏။ အပြန် မှာ မြန်မာပြည်လာလည်ဖို့ ၊ မြန် မာပြည်မှာ ဆရာ လယ်ရီဒိုင်းမွန်း အနေဖြင့် ဟောပြောပို့ချပေးဖို့ ကျွန်တော် ဖိတ်ကြားမိခဲ့သည်။
တကယ်တော့ ဒါသည်ပင် စိတ်ကူးယဉ် နည်းနည်းဆန်နေသည်။ သူတို့လို မအားလပ်သော၊ အချိန်နှင့် ငွေကြေးကို ထပ်တူချထားသော နာမည်ကျော် ပရော်ဖက်ဆာ တစ်ယောက်အဖို့ မြန်မာပြည်ကို အလည်အပတ် လာဖို့ဆိုတာ မဖြစ်နိုင်ပါ။ သို့သော် ဒါသည် တစ်ကယ်ဖြစ်ခဲ့၏။ နောက်လေးလ အကြာမှာ ဆရာ လယ်ရီဒိုင်းမွန်း မြန်မာပြည်သို့ တစ်ပတ်ကြာ လာရောက် လည်ပတ်မည်ဟု သိရသည်။ သူ့ဆီက အီးမေးလ် ရချိန်မှာ ကျွန်တော် ဥရောပသို့ ရောက်နေပြီ။ ရန်ကုန်ပြန်လို့ကလည်း မဖြစ်နိုင်။ ခရီးစဉ်အရ ဂျာမနီသို့ လှည့်ရဦးမည်။ သို့သော် သူမပြန်ခင် တစ်ရက်အလိုမှာ ရန်ကုန်ပြန် ရောက်အောင် ပြန်ခဲ့ပါမည်ဟု သူ့ကို ကတိပေးခဲ့သလို ကျွန်တော်တို့၏ HOME (House of Media & Entertainment) မှာ နိုင်ငံရေးနှင့် ပတ်သက်ပြီး တစ်ခုခု ဟောပြောပေးဖို့ ပန်ကြားလိုက်ရသည်။

ဆရာ လယ်ရီဒိုင်းမွန်းက အပြောနှင့် လက်တွေ့ ထပ်တူကျသူပင်။ ကျွန်တော် မရှိသော်လည်း ကိုဇော်သက်ထွေး၏ စီမံမှုဖြင့် နှစ်ရက်တိုင်တိုင် ကျွန်တော်တို့ HOMEမှာ ဒီမိုကရေစီ နည်းကျကျ အသွင်ကူးပြောင်းဖြစ်စဉ်ကို ဟောပြောပို့ချခဲ့သည်။ လူငယ် ကျောင်းသား နိုင်ငံရေးသမားလေးတွေက စလို့ စာရေးဆရာ နိုင်ငံရေးသမားတွေထိ လာရောက် နာယူကြသည်။ သူ၏ ဟောပြောချက် အချို့ကို ကောက်နှုတ်ပြီး လွတ်မြောက်နည်းပညာဟူသည့် စာအုပ်လေးတစ်အုပ် ကျွန်တော်တို့ ထုတ်ခဲ့ဖူးသည်။

ဆရာ လယ်ရီဒိုင်းမွန်း မပြန်ခင် ကျွန်တော် ရန်ကုန်ပြန်ရောက်ခဲ့၏။ သူနှင့်အတူ နိုင်ငံရေး ပါတီ တစ်ချို့မှ ခေါင်းဆောင်မျာနှင့် လိုက်တွေ့ခဲ့ရသလို နိုင်ငံရေး အပြောင်းအလဲ အတွက် ထဲထဲဝင်ဝင် ပါဝင် လုပ်ဆောင်နေသူများနှင့်ပါ တွေ့ဆုံခဲ့ရသည်။ သည်မှာတင် ကျွန်တော် စတင်ပြောဆို ရတော့မည့် ပီအာရ် ဆိုတာကြီး ပေါက်ဖွား ရှင်သန်လာပါတော့သည်။

ဆရာ လယ်ရီဒိုင်းမွန်းက ကြားဖြတ် ရွေးကောက်ပွဲ ပြီးချိန်တွင် ရောက်လာခဲ့သူ ဖြစ်သဖြင့် အနိုင်အရှုံး အဖြေကို ရိပ်စားမိသူလည်း ဖြစ်၏။ သို့သော် ၂၀၁၅မှာ ရွေးကောက်ပွဲ ကျင်းပခဲ့လျှင် ကြံ့ခိုင်ရေးပါတီ တစ်ပါတီတည်း (သို့မဟုတ်) NLD တစ်ပါတီတည်းက အများဆုံး အနိုင်ရခဲ့သော် ဆိုသည့် အခြေအနေအပေါ် မူတည်ထားပြီး ဆွေးနွေးသွားခဲ့သည်။ သူနှင့်တွေ့ဆုံ ဆွေးနွေးနေသူများထဲမှာ ကြံ့ခိုင်ရေးရော NLDပါ မပါသည့် အတွက် လွတ်လွတ်လပ်လပ် ပြောဆိုခြင်းလည်း ဖြစ်၏။ သူက စဉ်းစားစရာတွေကို တင်ပြခြင်း အကြံပေးခဲ့ခြင်သာ ဖြစ်ပြီး (ဒါကိုလုပ်မှဖြစ်မယ်)ဟု တစ်ချက်လွှတ် အမိန့်တော်ထုတ်ခဲ့ခြင်း မဟုတ်ချေ။
ယခု ကျွန်တော်တို့ နိုင်ငံက ကျင့်သုံးနေသည့် ရွေးကောက်ပွဲ စနစ်က First Past the Post (ခ) မဲ အသာရသူက နိုင်သည့် စနစ်ဖြစ်သည်။ ဖဲသမား စကားနှင့်ဆိုရသော် အတိုက်မရှိ၊ နိုင်သူစားစတမ်းပင် ဖြစ်သည်။ ဒါကို တစ်ချို့က သိပ်မကြိုက်ချင်။ တစ်မဲနိုင်လည်း အကုန်နိုင် တစ်ထောင်မဲနိုင်လည်း အကုန်နိုင်ဆိုတာ မမျှတဖူးလို့ ထင်လာကြ၏။ ဝေစားမျှစား လုပ်ချင်သည်။ သည်တော့ PR (ခ) Proportional Representationဟူသည့် ဝေပုံကျစနစ်ကို လေ့လာ စမ်းသပ်ကြည့်ဖို့ ဆရာ လယ်ရီဒိုင်း မွန်းက အကြံပြုသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလထုတ် ဒီမိုကရေစီ ဂျာနယ်ထဲမှာလည်း သူက PRစနစ်ကို စဉ်းစားသင့်ကြောင်း ထည့်ရေးခဲ့ပါသေးသည်။ အမှန်ကတော့ PRစနစ်ကို မြန်မာပြည်မှာ သုံးသင့်သည်ဟု သူက အကြံပြုခဲ့တာမဟုတ်။ အစိုးရနှင့် အတိုက်အခံ နိုင်ငံရေး ပါတီ(သို့) အဖွဲ့အစည်းတို့ အကြားမှာ နိုင်ငံရေး ပဋိဥာဉ်တစ်ရပ် ပီပီပြင်ပြင် ရှိသင့်သည်ဟု အကြံပြုခြင်းသာ။ ထိုပဋိဥာဉ် ရအောင်လည်း အတိုက်အခံတို့ဖက်မှ အားထုတ်သင့်သည့် အချက်များကို တင်ပြ ဆွေးနွေးခြင်းသာ။ ထိုဆောင်းပါးကို သေသေချာချာ ဖတ်ရှုခဲ့သော် ဆရာ လယ်ရီဒိုင်းမွန်းက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးသည် အလွန်တရာ အရေးကြီးကြောင်း အကြံပြုလိုရင်းသာဖြစ်၏။
အကယ်၍သာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပြင်နိုင်ခဲ့လျှင် ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေး အကျပ်အတည်း ဆိုက်နိုင်သည်။ သည်လိုအကျပ်အတည်း ဆိုက်ခဲ့သော် ရှောင်ရှားနိုင်စေဖို့ PRစနစ်ကို စဉ်းစားထားသင့်ကြောင်း အဆိုပြုသက်သက်သာ။ (ကျွန်တော် မမှားဖူးဟုဆိုလျှင် ဆရာကျော်ဝင်း သည်ဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားပြီးပြီ ထင်ပါသည်။ ပြန်လည် ဖတ်ရှုနိုင်ပါ၏)
အခုတော့ လွှတ်တော်ထဲမှာ သည်ဝေပုံကျ စနစ်ကို ဆွေးနွေးဖို့အထိ နေရာယူလာခဲ့ချေပြီ။ ပထမ တစ်ခုနှင့်တောင် အသား မကျသေးသည့် ကျွန်တော်တို့ နိုင်ငံကို တောင်စမ်း မြောက်စမ်း မလုပ်စေချင်။ ကျွန်တော်တို့ ငယ်ငယ်က ခဏခဏ ပြောင်းပြောင်းပြီး စမ်းသပ်ခဲ့သည့် ပညာရေး စနစ်ကြောင့် ကျွန်တော်တို့ တိုင်းပြည်၏ ပညာရေး ဘယ်လောက် နိမ့်ကျခဲ့ပြီဆိုတာကို သတိတရား ရကြစေချင်သည်။ ဘာမှ နေသား မကျသေးသော တိုင်းပြည်ကို ဓါတ်ခွဲခန်းထဲ ထည့်ပြီး စမ်းသပ်နေဖို့ မသင့်တော်ပါ။
တကယ်တမ်း ရွေးကောက်ပွဲ စနစ် အကြောင်း ပြောကြစတမ်းဟေ့ဆိုလျှင် ကျွန်တော်တို့ ပြောပါမည်။ ကျွန်တော်တို့ ပြည်သူတွေ လေ့လာနိုင်အောင် ကြိုးစားပြီး တင်ပြချင်ပါသည်။ သူများပီတိုင်း ကိုယ်မပီပဲ အာချင်သူများကိုလည်း စဉ်းစားကြပါဦးဟု ဆိုချင်သည်။

ရွေးကောက်ပွဲမှာ ကိုယ့်ပါတီက ရသည့်ထောက်ခံမဲ ရာခိုင်နှုန်းအလိုက် လွှတ်တော်ထဲမှာ ထိုင်ခုံ အရေအတွက် ခွဲတမ်းရသည့် စနစ်ကို ပီအာရ်ဟု ဆိုရပေမည်။ ဆိုကြပါစို့။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ တူမောရိုး ပါတီက ထောက်ခံမဲ ၂၅ ရာခိုင်နှုန်း ရခဲ့သော် လွှတ်တော်ထဲမှာရှိသည့် ကိုယ်စားလှယ် အရေအတွက်၏ လေးပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း)ကို ရမည်ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ် အရေအတွက် ၃၀၀ ဆိုလျှင် တူမောရိုးပါတီက ကိုယ်စားလှယ် ၇၅ နေရာ ရပေမည်။

သည်နေရာမှာ မေးစရာ ရှိလာသည်။ တူမောရိုး ပါတီအနေဖြင့် တာမွေမြို့နယ်မှာ ၀င်ပြိုင်ပြိုင်၊ မင်းဘူးမြို့နယ်မှာ ၀င်ပြိုင်ပြိုင်၊ အနိုင်အရှုံး အရေးမပါတော့ဘူးလား။ မဲအရေအတွက်ကိုသာ အဓိက ထားသဖြင့် နိုင်တာရှုံးတာ ဘာမှမလိုတော့ပါဘူး။ ဒါဆို မဲပေးရတဲ့ ပြည်သူတွေက မဲအနိုင်အရှုံး စာရင်းနားထောင်ပြီး ရင်မခုန်ကြရတော့။ မပျော်ကြရတော့။ ဘယ်သူတွေနိုင်ပြီး လွှတ်တော်ထဲ ဘယ်သူတွေ ဘယ်ရောက် ကုန်မယ်ဆိုတာတောင် သိရမှာ မဟုတ်တော့ချေ။ ကိုယ့်မြို့နယ်၏ ကိုယ်စားလှယ်က ဘယ်သူဘယ်ဝါတောင် သိရဖို့ မလွယ်တော့။

သည်တော့ ပီအာရ် စနစ်မှာ ဘယ်သူ့ကို မဲပေးရမည်နည်း။ ဒါမေးစရာ မေးခွန်းတစ်ခု ဖြစ်သည်။ ပါတီကိုကြည့်ပြီး မဲပေးရလောက်အောင် ကျွန်တော်တို့ တိုင်းပြည်က ပါတီတွေ လောက်လောက် လားလား ဖြစ်ပြီလား ပြည်သူတွေ မဲပေးတဲ့ အလုပ်နှင့် ကျင့်သားရပြီလားဟု ဦးဆုံးမေးရတော့မည်။
ပီအာရ် စနစ်မှာ ပါတီက လူစာရင်းကို ကိုင်ထားသည်။ ကျွန်တော်တို့ ပြည်သူတွေက သည်စာရင်းကို ဘာမှ ပြောင်းပိုင်ခွင့်မရှိ။ ပါတီခေါင်းဆောင်တွေ လက်ထဲမှာသာ အာဏာရှိ၏။ ကိုယ်စားလှယ်တွေ လက်ထဲမှာလည်း ဘာအခွင့်အရေးမှမရှိ။ ပါတီ ခေါင်းဆောင်တွေက မကြိုက်ရင် မကြိုက်သလို ပြောင်းခွင့်ရှိနေသည်။ သည်မှာတင် စာရင်းနဲ့ရွေးမှာလား၊ နယ်မြေ အပိုင်းအခြားနဲ့ ရွေးမှာလား။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးမှာလားဆိုတာတွေကိုပါ ထည့်သွင်း စဉ်းစားရတော့သည်။ မဲပေးမည့် ပြည်သူတွေ အတွက် စိတ်ရှုပ်စရာတွေ ရှိပါသေးသည်။ ပီအာရ် ဆိုတာနှင့် ပြီးမသွားသေးပါ။

၁။ Cumulation ခေါ် ကိုယ်ကြိုက်လျှင် သုံးမဲအထိ ပေးခွင့်ရှိသော စနစ်မျိုးလည်းရှိနေ ပြန်ပါသည်။
၂။ Cross voting ခေါ် တစ်ခါမဲပေးလျှင် ကြိုက်ရာပါတီ သုံးခုလောက်ကို မဲပေးခွင့် ရနိုင်တာမျိုးလည်း ရှိနေပြန်ပါသည်။
မဲတစ်ခါပေးလျှင် ကိုယ်ကြိုက်တာ ကိုယ်တစ်ယောက်တည်း ရွေးပေးနေရသည့် စနစ်မှာတောင် တော်တော် ချာလပတ်လည်နေသည့် ကျွန်တော်တို့ တိုင်းပြည်မှာ ပြည်သူကို စိတ်ဒုက္ခရောက်အောင် မလုပ်ကြစေချင်။ မဲပေးရာမှာ စိတ်ပျက်စိတ်ညစ်ပြီး မဲရုံကို ဝေါနဲ့ပင့်တာတောင် ပြည်သူတွေ လာချင် စိတ်ပျောက်အောင် မလုပ်သင့်ပါ။
ဒါ ကျွန်တော် အမြွက်ပဲပြောတာဖြစ်သည်။ ပီအာရ် စနစ်အောက်မှာ
၃။ Ley de lemas (ခ) သမ္မတ နှင့် ကိုယ်စားလှယ်ကို တစ်ပါတည်း ရွေးပေးရသည့် စနစ်လည်း ရှိ၏။
၎။ STV (Single Transferable) မဲကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေးနှင့် ရွေးပေးရတာမျိုးလည်း ရှိ၏။
၅။ SV (Supplementry Vote) ခေါ် အပိုဆောင်း ပေးရတဲ့မဲပေး စနစ်ဆိုတာလည်း ရှိသေးသည်။ ကိုယ်ကြိုက်သည့် ပါတီကို ရွေးပေးရသလို တခြားပါတီတွေထဲက နောက်ထပ် တစ်ပါတီကိုပါ အပို (အဆစ်) ရွေးပေးခဲ့ရတာမျိုးပင်။

သည်လောက် ယောက်ယက်ခတ်နေသည့် စနစ်မျိုးကိုမှ တိုင်းပြည်မှာ ကျင့်သုံးတာက ဘာကြောင့်လဲဟု မေးရမည်။ သည်စနစ်ကို လွှတ်တော်က လက်ခံ ဆွေးနွေးတာကိုတော့ အပြစ်မတင် လိုသော်လည်း မရောင်ရာ ဆီမလူး ကြစေချင်ပါ။
ကျွန်တော်တို့ တိုင်းပြည်မှာ အခုချိန် တကယ်တမ်း အရေးကြီးနေတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးသာဖြစ်သည်။ သည်လို အကျပ်အတည်းမျိုးထဲကတောင် မထွက်နိုင်သေးချိန်မှာ နောက်ထပ် သပွတ်အူ တစ်ခုကို ချမပြသင့်သေးပါ။ မြန်မာ ပြည်သူ ပြည်သားတွေ ခင်မျာ စားဝတ်နေရေး နှင့် ထွေးလုံးရစ်ပတ် ဖြစ်နေချိန်မှာ စိတ်ပျက်အောင် စိတ်ရှုပ်အောင် စိတ်အားငယ်အောင် စိတ်ဓာတ်ကျအောင် နိုင်ငံရေးကို စိတ်ကုန်ခမ်းသွားအောင် နိုင်ငံရေး သမားတွေ လုပ်နေကြမှာလားဟု တည့်တည့်မေးချင်သည်။

တကယ်တော့ PR စနစ်ကို အသုံးမ၀င်ဖူး၊ မကောင်းဖူးဟု ကျွန်တော်ပြောနေခြင်း မဟုတ်၊ လတ်တလော ကျွန်တော်တို့ နိုင်ငံနှင့် မသင့်တော်သေးပါဟု ဆိုလိုခြင်းသာဖြစ်သည်။ လက်ရှိကျင့်သုံး နေသော First Past the Post ခေါ် သာသူ အကုန်စား စနစ်က တစ်ပါတီတည်းကို လွှတ်တော်မှာ အားကောင်းစေပြီး အာဏာရှင်တွေ ဖြစ်လာစေသည်ဟူသော ရွှေဥာဏ်ရှင် လွှတ်တော် ကိုယ်စားလှယ် မမကြီး၏ စကားကို TVမှာ ကြားလိုက်ရတော့ အံ့အားသင့်မိသည်။ ပြိုင်ပွဲဆိုတာကတော့ ရှုံးမှာကြောက်လျှင် စောစောကပင် မ၀င်ကြတာ ကောင်းပါသည်။ မဲရုံနှင့် ပြည်သူကျင့်သား ရသွားအောင်တော့ စောင့်စေချင်ပါ သည်။

လမစေ့သော ကလေးအတွက် အန္တရာယ်ရှိပါသည်။ လမစေ့တာကိုမှ ဇွတ်အတင်းမွေးချင် နေပါက ကိုယ့်ဖာသာပဲ ဗိုက်ကြီးကြပါဟု ပြောလိုက်ချင်ပါတော့တယ်။

 - ဇာဂနာ