Showing posts with label သယ်ယူပို့ဆောင်ရေး. Show all posts
Showing posts with label သယ်ယူပို့ဆောင်ရေး. Show all posts

Sunday, August 17, 2014

ကျွန်တော်နှင့် ဧရာဝတီမြစ်ကူးတံတားများ‬

ဧရာဝတီမြစ်ပေါ်တွင်ရှိသော မြစ်ကူးတံတားကြီးများ များစွာရှိပါသည်။ ကျွန်တော်ရောက်ဖူးသော ဧရာဝတီမြစ်ကူးတံတားကြီးများမှာ -

(၁) ဧရာဝတီမြစ်ကူးတံတား (ဗလမင်းထင်)
ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင်ရှိပါသည်။ အရှေ့ဖက်ကမ်း ၀ိုင်းမော်မြို့ရှိပါတယ်။ အနောက်ဖက်ကမ်းမှာ စီတာပူကျေးရွာ ၊ မြစ်ကြီးနားစက်မှုဇုံနှင့် တံတားအထူး (၁၅) တို့ရှိပါတယ်။ လီဒိုလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။ တံတား၏အလျားမှာ ၂၆၈၈ ပေဖြစ်ပါသည်။ ၁၉၉၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်း မှတ်သားရပါသည်။ အင်ဂျင်နီယာမှူးကြီး(ငြိမ်း) ဦးစံညိမ်းမှ ဦးဆောင်၍ တည်ဆောက်ကြောင်း သိရှိရပါတယ်။ တံတားကြီး၏ Up Stream ဘက် ၂၇ မိုင်ခန့်အကွာတွင် မေခမြစ်နှင့် မလိခမြစ်သို့ ပေါင်းဆုံပါသည်။ ကျွန်တော် အထူးစီမံကိန်းကြီးအဖွဲ့ခွဲ (၄) မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းတွင် တာဝန်ထမ်းဆောင်စဉ်က ဖြတ်သန်းသွားလာဖူးပါသည်။ ဧရာဝတီမြစ်၏ ပထမမြစ်ကျဉ်းမှာ မြစ်ကြီးနားနှင့်ဗန်းမော်ကြား ဆင်ဘိုဒေသတွင်ရှိသည်ဟု မှတ်သားရပါသည်။

(၂) ဧရာဝတီမြစ်ကူးတံတား(စင်းခမ်း)
ဧရာဝတီမြစ်ကူးတံတား စင်းခမ်းတံတားပေါ်သို့ ဖြတ်သန်း၍ မသွားလာဖူးပါ။ စင်းခမ်းတံတား၏ အရှေ့ဘက်ခြမ်းမှာ ဗန်းမော်ခရိုင်ဖြစ်ပါသည်။ အနောက်ဖကမ်းမှာ ကသာခရိုင်ဖြစ်ပါသည်။ ကသာ-ဗန်းမော်လမ်းပေါ်တွင် တည်ရှိပါသည်။ တံတား၏ အလျားမှာ ၄၆၃၀ ပေ ရှိကြောင်း မှတ်သားရပါသည်။ ၂၀၁၂ ခုနှစ်တွင် ဖွင့်လှစ်ကြောင်းသိရှိရပါသည်။ မီးရထားနှင်ကား နှစ်မျိုးလုံးသွားလာနိုင်သော တံတားကြီးဖြစ်ပါသည်။ ဒု-အင်ဂျင်နီယာချုပ်တံတား(ငြိမ်း) ဦးမျိုးဝင်း ဦးဆောင်၍ တည်ဆောက်ကြောင်း သိရှိရပါသည်။ တကောင်း-ကသာ လမ်းအဖွဲ့၌ တာဝန်ထမ်းဆောင်စဉ် ထိုနေရာသို့ ဖြတ်သန်းသွားလာဖူးပါသည်။ တံတား၏ Down Stream ဘက်၌ ဧရာဝတီမြစ်၏ ဒုတိယမြစ်ကျဉ်းရှိပါသည်။ တံတားကြီး၏ Up Stream ဘက် မြစ်၏ အရှေ့ဘက်မှ ဧရာဝတီမြစ်အတွင်းသို့ တာပိန်မြစ်စီးဝင်ပါသည်။ မြစ်ကျဉ်း၏ဘေးတွင် ၀ဲမကွေ့စခန်း ၊ ဥဒေါင်းတောင်စခန်း ၊ စပါးတိုးစခန်း ၊ ရှုခင်းသာစခန်းများ အစဉ်လိုက် တည်ရှိကြပါသည်။

(၃) ဧရာဝတီမြစ်ကူးတံတား (ထီးချိုင့်)
တည်ဆောက်ဆဲဖြစ်ပါသည်။ အနောက်ဖက်ကမ်းမှာ စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့ဖြစ်ပါသည်။ အရှေ့ဖက်ကမ်းမှာ မြတောင်ကျေးရွာဖြစ်ပါသည်။ မြတောင်ရွာကို အပိုင်စားရသော မိဖုရားကြီးမှာ မင်းတုန်းမင်း၏ မိဖုရားကြီးဖြစ်ပါသည်။ တကောင်း-ဗန်းမော်လမ်းနှင့် ရွှေဘို-မြစ်ကြီးနားလမ်းတို့ကို ဆက်သွယ်ပေးသောလမ်းပေါ်တွင် တည်ရှိပါသည်။ အင်ဂျင်နီယာမှူးကြီး ဦးစိုးမင်းနှင့် အင်ဂျင်နီယာမှူးကြီး ဦးပိုင်တို့မှ ဦးဆောင်၍ တည်ဆောက်နေသည်ဟု သိရှိရပါသည။် တံတားကြီး၏ Up Stream ဘက် မြစ်၏ အရှေ့ဖက်မှ ရွှေလီမြစ်စီးဝင်ပါသည်။ ကျွန်တော် တကောင်း-ကသာလမ်းတွင် တာဝန်ထမ်းဆောင်စဉ် မြတောင်ကျေးရွာနှင့် ထီးချိုင့်မြို့များမှာ တကောင်းမြို့မှ ကသာမြန်မာ့စီးပွားရေးဘဏ်သို့ သွားစဉ်တွင် ဖြတ်သန်းသွားလာရသော စခန်းများဖြစ်ပါသည်။ ထိုစဉ်က ဇက်ဖြင့် ဧရာဝတီမြစ်အား ဖြတ်ကူးခဲ့ရပါသည်။

(၄) ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ခ)
စစ်ကိုင်းတိုင်းရွှေဘိုမြို့နှင့် မန္တလေးတိုင်း စဥ့်ကူမြို့တို့ကိုဆက်သွယ်သောလမ်းပေါ်တွင် တည်ရှိပါသည်။ တံတား၏ အလျားမှာ ၂၄၈၀ ပေ ဖြစ်ပါသည်။ ၂၀၁၃ တွင်ဖွင့်လှစ်ခဲ့ပါသည်။ အင်ဂျင်နီယာမှူးကြီး ဦးကျော်လင်းမှ ဦးဆောင်၍တည်ဆောက်ခဲ့ကြောင်းသိရှိရပါသည်။ ဤတံတားကြီးပေါ်သို့ မဖြတ်သန်းဖူးပါ။ ကျွန်တော် တကောင်း-ကသာလမ်းတွင် တာဝန်ထမ်းဆောင်စဉ်က တံတားကြီး၏ အရှေ့ဖက်တွင်ရှိသော လက်ပံလှစခန်းအား အကြိမ်ကြိမ်ဖြတ်သန်းဖူးပါသည်။ ဤတံတားကြီး၏ Up Stream ဘက်တွင် သပိတ်ကျင်းမြို့အနီး၌ ဧရာဝတီမြစ်၏ တတိယမြစ်ကျဉ်းရှိပါသည်။ တံတားကြီး၏ Up Stream ဘက် မြစ်၏ အနောက်ဖက်မှ မဲဇာချောင်းသည် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။

(၅) ဧရာဝတီမြစ်ကူးတံတား (ရတနာပုံ)
မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်သော လမ်းမကြီးပေါ်တွင်တည်ရှိပါသည်။ အနောက်ဖက်ကမ်းမှာ စစ်ကိုင်းမြို့ဖြစ်၍ အရှေ့ဖက်ကမ်းမှာ မန္တလေးတိုင်း အမရပူရမြို့ဖြစ်ပါသည်။ ဒု-အင်ဂျင်နီယာမှူးကြီး (ငြိမ်း) ဦးဌေးမြင့်နှင့် ဒု-အင်ဂျင်နီယာမှူးကြီး(ငြိမ်း) ဦးစန်းဝင်းတို့တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။ တံတား၏ အလျားမှာ ၅၆၄၁ ပေ ဖြစ်ပါသည်။ တံတားအား ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ ဧရာဝတီမြစ်ကူးတံတား (အင်းဝ) သက်တမ်းကုန်နေမှုကြောင့် တည်ဆောက်ခဲ့ရကြောင်း သိရှိရပါသည်။ ကျွန်တော် စစ်ကိုင်းတိုင်း ခန္တီးခရိုင်တွင် တာဝန်ထမ်းဆောင်စဉ်က ဤတံတားကြီးပေါ်သို့ အကြိမ်ကြိမ်ဖြတ်သန်းသွားဖူးပါသည်။

(၆) ဧရာဝတီမြစ်ကူးတံတား (အင်းဝ)
ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်ခဲ့သော မြစ်ကူးတံတားများအနက် ပထမဆုံးတည်ဆောက်ခဲ့သော တံတားဖြစ်ပါသည်။ အင်္ဂလိပ်နယ်ချဲ့ကိုလိုနီများမှ တည်ဆောက်ခဲ့သောတံတားဖြစ်ပါသည်။ ၁၉၃၄ တွင် ပြီးစီးခဲ့ကြောင်းမှတ်သားရပါသည်။ တံတား၏ အလျားမှာ ၃၉၆၀ ဖြစ်ပါသည်။ အနောက်ဖက်ကမ်းမှာ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ဖြစ် စစ်ကိုင်းမြို့ဖြစ်၍ အရှေ့ဖက်ကမ်းမှာ မန္တလေးတိုင်း အမရပူရမြို့ဖြစ်ပါသည်။ မီးရထားနှင်ကား နှစ်မျိုးလုံးသွားလာနိုင်သော တံတားကြီးဖြစ်ပါသည်။ ကျွန်တော် လမ်းအထူး (၁၁) ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်စဉ်က အကြိမ်ကြိမ်အခါခါ ဖြတ်သန်းသွားဖူးပါသည်။ ဧရာဝတီမြစ်ကူးတံတား (အင်းဝ)နှင့် ဧရာဝတီမြစ်ကူးတံတား (ရတနာပုံ) တို့သည် နီးကပ်စွာတည်ရှိပါသည်။ အင်းဝတံတား၏ Down Stream ဘက်တွင် စမုံ ၊ ပန်းလောင် ၊ ဇော်ဂျီနှင့် ဒုဋ္ဌ၀တီတို့ မြစ်လေးစင်းပေါင်းဆုံခဲ့သော မြစ်ငယ်မြစ်သည် ဧရာဝတီမြစ်၏ အရှေ့ဖက်မှ စီးဝင်ပါသည်။ မြစ်ငယ်မြစ်နှင့် ဧရာဝတီမြစ်တို့အကြားတွင် အင်းဝမြို့ဟောင်းတည်ရှိပါသည်။

(၇) ဧရာဝတီမြစ်ကူးတံတား (ပခုက္ကူ)
မန္တလေးတိုင်း ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ လက်ပံခြေပေါ်ကျေးရွာနှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့သို့ ဆက်သွယ်ပေးသော တံတားကြီးဖြစ်ပါသည်။ တံတား၏ အလျားမှာ ၁၃၅၃၇ ပေ ဖြစ်ပါသည်။ ၂၀၁၁ တွင် ဖွင့်လှစ်ကြောင်းသိရှိရပါသည်။ DMD (W) ဦးဟန်စိုးနှင့် DE (တံတား) ဦးရွှေလေးတို့ ပူးတွဲတည်ဆောက်ကြောင်း သိရှိရပါသည်။ ယခုအချိန်ထိ မြန်မာနိုင်ငံတွင် အရှည်ဆုံးတံတားကြီးဖြစ်ပါသည်။ မီးရထားနှင်ကား နှစ်မျိုးလုံးသွားလာနိုင်သော တံတားကြီးဖြစ်ပါသည်။ ဧရာဝတီမြစ်၏ အကြီးဆုံးမြစ်လက်တက်ဖြစ်သော ချင်းတွင်းမြစ်သည် တံတားကြီး၏ Up Stream ဘက် မြစ်၏ အနောက်ဖက်မှ စီးဝင်ပါသည်။ ကျွန်တော် မြိုင်-တောမ-ဂန့်ဂေါလမ်း လုပ်ငန်းခွင်သို့ သွားရောက်ရာတွင် အကြိမ်ကြိမ်အခါခါ ဖြတ်သန်းဖူးပါသည်။

(၈) ဧရာဝတီမြစ်ကူးတံတား (အနော်ရထာ)
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ချောက်မြို့နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့တို့အား ဆက်သွယ်ထားသော တံတားကြီးဖြစ်ပါသည်။ တံတား၏ အလျားမှာ ၅၁၉၂ ပေ ဖြစ်ပါသည်။ ၂၀၀၁ တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ အင်ဂျင်နီယာမှူးကြီး (ငြိမ်း) ဦးစိုးဟန်မှ တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။ ယောချောင်းနှင့် ကျောချောင်းပေါင်းဆုံခဲ့သော နာမည်ကျော် ယောချောင်းသည် တံတားကြီး၏ Up Stream ဘက် မြစ်၏ အနောက်ဖက်မှ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။ ကျွန်တော် ဆိပ်ဖြူ-ဆော-ကန်ပက်လက်လမ်း လုပ်ငန်းများစစ်ဆေးရာတွင်လည်းကောင်း ၊ ကံတွင်းတံတား(ရှောင်ကွင်းလမ်း) လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း တံတားကြီးအား အကြိမ်ကြိမ်ဖြတ်သန်းဖူးပါသည်။

(၉) ဧရာဝတီမြစ်ကူးတံတား (မကွေး)
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ၊ မကွေးမြို့နှင့် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့တို့ကိုဆက်သွယ်ထားသော တံတားကြီးဖြစ်ပါသည်။ တံတား၏ အလျားမှာ ၈၉၈၉ ပေ ဖြစ်ပါသည်။ ၂၀၀၂ တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးဟန်ဇော် ဦးစီးကာ တည်ဆောက်ခဲ့ကြောင်း မှတ်သားရပါသည်။ မန်းစက်တော်ဘုရား ၊ ကျောင်းတော်ရာဘုရား ၊ မြသလွန်ဘုရားများသို့ ဖူးမျှော်ကြသော ဘုရားဖူးကားများ ဖြတ်သန်းရာ တံတားကြီးဖြစ်ပါသည်။ ကျွန်တော် စစ္စနိုး-ရေနံမ-ကန်တုတ်-ကျောက်ပုံလမ်းသို့ သွားရောက်စစ်ဆေးရာတွင် အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရသော တံတားကြီးဖြစ်ပါသည်။ တံတား၏ Up Stream ဘက် မြစ်၏ အရှေ့ဘက်မှ ပင်းချောင်းနှင့် ဒေါင်းနေချောင်းများ စီးဝင်ပါသည်။ တံတား၏ Up Stream ဘက် မြစ်၏ အနောက်ဖက်မှ စလင်းချောင်း ၊ မုန်းချောင်း ၊ မန်းချောင်းနှင့် ဆားဗွက်ချောင်းများ စီးဝင်ပါသည်။

(၁၀) ဧရာဝတီမြစ်ကူးတံတား (မလွန်)
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ၊ မကွေးမြို့နယ် မိကျောင်းရဲကျေးရွာနှင့် မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် မလွန်ကျေးရွာသို့ ဆက်သွယ်ထားသော တံတားဖြစ်ပါသည်။ တံတားကြီး၏ အလျားမှာ ၅၈၃၉ ဖြစ်ပါသည်။ မီးရထားနှင်ကား နှစ်မျိုးလုံးသွားလာနိုင်သော တံတားကြီးဖြစ်ပါသည်။ ၂၀၁၃ တွင် ဖွင့်လှစ်ကြောင်း သိရပါသည်။ အင်ဂျင်နီယာမှူးကြီး ဦးစီုးမင်းမှ ဦးဆောင်၍ တည်ဆောက်ခဲ့ကြောင်း သိရပါသည်။ တံတား၏ Up Stream ဘက် မြစ်၏ အရှေ့ဖက်မှ ယင်းချောင်းသည် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။ တံတား၏ Up Stream ဘက် မြစ်၏ အနောက်ဘက်ခြမ်း မင်းလှမြို့အနီးတွင် မင်းလှခံတပ်ရှိပါသည်။ မြစ်၏ အရှေ့ဘက်တွင် ဂွေ့ချောင်းခံတပ်ရှိပါသည်။ ကျွန်တော် သစ်ရာကောက်-မိကျောင်းရဲ-မလွန် လမ်းလုပ်ငန်းများ စစ်ဆေးစဉ် ဧတံတားကြီးပေါ်မှ အကြိမ်ကြိမ်အခါခါဖြတ်သန်းဖူးပါသည်။

(၁၁) ဧရာဝတီမြစ်ကူးတံတား (န၀ဒေး)
ပဲခူးတိုင် ၊ ပြည်ခရိုင် ၊ ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်ကို့ ဖြတ်သန်းသွားသောတံတားကြီးဖြစ်ပါသည်။ တံတား၏ အလျားမှာ ၄၁၈၃ ဖြစ်ပါသည်။ ၁၉၉၇ ခုနှစ်တွင် တည်ဆောက်ခဲ့သော တံတားဖြစ်ပါသည်။ အင်ဂျင်နီယာချုပ် (တံတား)(ငြိမ်း) ဦးစိုးဝင်းမှ ဦးဆောင်တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။ တံတား၏ Up Stream ဘက် မြစ်၏ အရှေ့ဘက်တွင် ဗွက်ကြီးချောင်းသည် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။ တံတား၏ Up Stream မြစ်၏ အနောက်ဖက်တွင် မင်းတုန်းချောင်းသည် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။ ဧရာဝတီမြစ်၏ စတုတ္တမြစ်ကျဉ်းသည် ပြည်မြို့အနီး၌ ရှိပါသည်။ ကျွန်တော် ကံမ-ပြည်လမ်း လုပ်ငန်းများ သွားရောက်စစ်ဆေးစဉ် တံတားကြီးပေါ်သို့ အကြိမ်ကြိမ်ဖြတ်သန်း ဖူးပါသည်။

(၁၂) ဧရာဝတီမြစ်ကူးတံတား (ညောင်တုန်း)
ဧရာဝတီတိုင်း မအူပင်ခရိုင် ညောင်တုန်းမြို့နယ် သောင်တန်းကျေးရွာ(အောက်စု)နှင့် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ကျီးကန်းသိုက်ကျေးရွာသို့ ဆက်သွယ်ပေးထားသော တံတားကြီးဖြစ်ပါသည်။ တံတား၏ အလျားမှာ ၁၀၈၁၄ ပေ ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ မီးရထားနှင့် ကားလမ်းတွဲလျက် တည်ဆောက်ထားသော တံတားဖြစ်ပါသည်။ အင်ဂျင်နီယာမှူးကြီး ဦးတင့်လွင်မှ တာဝန်ယူ ဦးဆောင်တည်ဆောက်ကြောင်း သိရပါသည်။ ဤတံတားကြီးပေါ်သို့ ကျွန်တော် မဖြတ်သန်းဖူးပါ။

(၁၃) ဧရာဝတီမြစ်ကူးတံတား (ဗိုလ်မြတ်ထွန်း)
ဧရာဝတီတိုင်း မအူပင်ခရိုင် ညောင်တုန်းမြို့နယ် သောင်တန်းကျေးရွာနှင့် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ကြိမ်ပင်ဆည်ကျေးရွာသို့ ဆက်သွယ်ပေးထားသော တံတားကြီးဖြစ်ပါသည်။ ကားလမ်းသီးသန့်တံတားဖြစ်ပါသည်။ တံတား၏ အလျားမှ ၈၅၄၄ ပေ ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း သိရပါသည်။ မီးရထားဝန်ကြီးဌာန ဒုတိယ၀န်ကြီး(ငြိမ်း) ဦးဖေသန်းမှ ဦးဆောင်တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။ ကျွန်တော် ဤတံတားကြီးပေါ်သို့ ရန်ကုန်မှ ချောင်းသာ ၊ ငွေဆောင်ကမ်းခြေသို့ သွားရောက်ခဲ့စဉ်က တစ်ကြိမ်ဖြတ်သန်းဖူးပါသည်။ တံတား၏ Down Stream ဘက်တွင် ဧရာဝတီတံတား (မအူပင်) ၊ ဧရာဝတီတံတား (ဒေးဒရဲ) တို့ တည်ရှိကြောင်း သိရှိရပါသည်။ ကျွန်တော်မဖြတ်သန်းဖူးပါ။
ယခုအချိန်တွင် ကျွန်တော် တာဝန်ထမ်းဆောင်နေသော လုပ်ငန်းများအတွက် ဧရာဝတီတံတား (ပခုက္ကူ) ၊ ဧရာဝတီတံတား (အနော်ရထာ) ၊ ဧရ၀တီတံတား (မကွေး) ၊ ဧရာဝတီတံတား (မလွန်) ၊ ဧရာဝတီတံတား (န၀ဒေး) တို့အား အကြိမ်ကြိမ်အခါခါဖြတ်သန်း၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့လှပါသည်။ သို့ပါ၍ ကျွန်တော်နှင့် ဧရာဝတီမြစ်ကူးတံတားကြီးများအကြောင်း တင်ပြလိုက်ရပါသည်။

U Shwe Zin

Source : https://www.facebook.com/ushwe.zin.3/posts/1451956118406331

မြို့ပြပို့ဆောင်ရေးပုံပြင် (၂)

မြို့ပြပို့ဆောင်ရေး ပုံပြင် (၂) ..... မောင်ပြည်အေး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နိုင်ငံတကာမြို့တော်တွေ၌ ယာဉ်ကျပ်တဲ့နေရာတွေမှာ ကိုယ်ပိုင်ကား မစီးကြဘဲ ရထားတွေ၊ ဘတ်စ်ကားတွေစီးကြဖို့၊ အခြားနည်းတွေနဲ့ သွားကြဖို့ နည်းလမ်းမျိုးစုံလုပ်ကြပါတယ်။ car-pooling ဆိုတဲ့ ကားတစ်စီးထဲကို နီးစပ်ရာနှစ်ဦး၊ သုံးဦးပေါင်းစီးကြဖို့ စီမံချက်တွေလုပ်တယ်၊ စည်းရုံးကြတယ်။ car-sharing ဆိုတာကတော့ ကိုယ်ပိုင်ကားသဖွယ်သုံးနိုင်တဲ့ ကားငှား စနစ်ပါပဲ။ park and ride ဆိုတဲ့ စီးလာတဲ့ကား၊ ဆိုင်ကယ်ကို ဘူတာရုံမှာရှိတဲ့ စိတ်ချလုံခြုံစွာထားနိုင်တဲ့ ရပ်နားနေရာတွေမှာထားပြီး ရထားစီးသွား၊ အပြန်ကျမှ ပြန်စီးစေတဲ့စနစ်လည်းလုပ်ကြတယ်။ အဲဒီလိုလုပ်အောင်လည်း park and ride အတွက် သက်သာတဲ့နှုန်းတွေနဲ့ စွဲဆောင်ကြတာပေါ့။ ဥပမာ ကျွန်တော်တို့ဆီမှာဆို အင်းစိန်၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်းတို့လို ဘူတာမျိုးတွေမှာ ရှိသင့်တာပေါ့။ လမ်းအသုံးပြုခွင့်ကို ဦးစားပေးခြင်းက ဘတ်စ်ကားကို လူကြိုက်များအောင် လုပ်တာပါပဲ။ ဘတ်စ်ကားနဲ့သွားခြင်းက ကိုယ်ပိုင်ကားနဲ့ သွားတာထက် ပိုမြန်ပြီဆိုရင် စီးကြပါလို့ပြောဖို့မလိုတော့ဘူးပေါ့။ ဦးစားပေးအဆင့်အမြင့်ဆုံးကတော့ BRT လို့ခေါ်ကြတဲ့ Bus Rapid Transit ကို အကောင်အထည်ဖော်ခြင်းပါပဲ။ MRT (Mass Rapid Transit) လို့ ပြောကြတဲ့ မြို့ပြရထားက ပိုပြီးများများသယ်ပို့နိုင်တယ်ဆိုပေမယ့် လမ်းဖောက်ခြင်း၊ ပြေးဆွဲခြင်းတွေမှာ ရထားထက် ကုန်ကျစရိတ်များစွာ သက်သာတ BRT ကို ဦးစားပေးလုပ်ဆောင်ကြတာဖြစ်ပါတယ်။
.
၂ဝဝဝ ပြည့်နှစ်ကပြုလုပ်တဲ့ အမေရိကန်နိုင်ငံရဲ့ လေ့လာမှုတစ်ခုအရ BRT ဘတ်စ်ကားလမ်းတစ်မိုင်အတွက် ရင်းနှီးမြှုပ်နှံမှုပျမ်းမျှကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြစ်ပြီး LRT (Light Rail Transit) ရထားလမ်းတစ်မိုင်က အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၈ သန်းဖြစ်တယ်လို့ ဆိုပါတယ်။ BRT စနစ်က အခြေခံလိုအပ်ချက်တွေ ရှိပါတယ်။ သီးသန့် ဘတ်စ်ကားလမ်းပေးရပါမယ်။ ရထားလို ဘူတာရုံရှိရပါမယ်။ မြေအောက် ရထားတွေလို ဘူတာအဝင်မှာပဲ လက်မှတ်ခကောက်နိုင်ရပါမယ်။ ကားကြမ်းပြင်နဲ့ ပလက်ဖောင်းတစ်ညီထဲဖြစ်တဲ့ သီးသန့်ကားတွေ ဖြစ်ရပါမယ်။ လမ်းဆုံတွေမှာ BRT ဘတ်စ်ကားက ဦးစားပေးပြေးနိုင်ရပါမယ်။ ဒါကြောင့် လုံလောက်တဲ့လမ်းအကျယ်ရှိဖို့နဲ့ လက်မှတ်အတွက်၊ အချက်ပြတွေအတွက်၊ သတင်းအချက်အလက်ရရှိဖို့အတွက် နည်းပညာတွေလိုလာပြီဖြစ်ပါတယ်။ BRT တစ်ခုတည်း လမ်းပေါ်ကောင်းကောင်းပြေးပြီး ကျန်ကားတွေပြေး စရာလမ်းမရှိရင်လည်း မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့် အချိန်ယူဖို့ လိုပါတယ်။ ချက်ချင်းထလုပ်လို့ဖြစ်တာမဟုတ်ပါဘူး။ BRT စနစ်ရဲ့ အစိတ် အပိုင်းအဖြစ် သူများတွေလုပ်ကြတဲ့ ဖြစ်နိုင်တဲ့နည်းလမ်းလေးတွေကို တင်ပြချင်ပါတယ်။ အဲဒါကတော့ ဘတ်စ်ကားသီးသန့်လမ်း (Bus lane)၊ လူအများ တင်ဆောင်လာတဲ့ယာဉ်တွေ ဦးစားပေးတဲ့လမ်း (High Occupancy Vehicle - HOV lane) သတ်မှတ်ခွင့်ပြုကြခြင်းပါပဲ။
.
HOV lane ဆိုတာကတော့ သတ်မှတ်လူဦးရေနဲ့ အထက်ပါလာတဲ့ ယာဉ်ကိုမှ တက်ခွင့်ပြုတဲ့ လမ်းမျိုးပေါ့။ ကျွန်တော်တို့ဆီမှာ စောင့်ကြည့်နိုင်ဖို့ ခက်ခဲတာမို့ လုပ်ဖို့ခက်မယ်ထင်ပါတယ်။ ဘတ်စ်ကားသီးသန့်လမ်းကို စဉ်းစားကြည့်မိပါတယ်။ လက်ရှိသုံးလမ်းသွားကိုပဲ သူများတွေလည်း လုပ်ကြတာဖြစ်ပါတယ်။ စင်ကာပူမှာဆိုရင် လက်ရှိသုံးနေတဲ့ အစွန်လမ်းကို အဝါလိုင်း အထူတစ်ကြောင်းတားထားတာက အချိန်ပိုင်းဘတ်စ်ကားလမ်းဖြစ်ပြီး အဝါလိုင်းနဲ့အပြိုင် အနီလိုင်းတစ်ခုထပ်တားထားရင် အမြဲတမ်းဘတ်စ်ကားလမ်း ဖြစ်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ ယာဉ်ကြောကျပ်တဲ့ အချိန်တွေမှာ အချိန် ပိုင်းအလိုက် နေရာတွေရွေးချယ်ပြီး ဘတ်စ်ကားတွေပဲသွားနိုင်ဖို့ သတ်မှတ် ပေးရင် ဘတ်စ်ကားတွေ ပိုမြန်သွားမယ်ထင်ပါတယ်။ လမ်းသုံးလမ်းစလုံး အပြည့်သုံးနိုင်ဖို့နဲ့ ကားတစ်စီးနဲ့တစ်စီး အတင်းကျော်တက်မနေရအောင်လည်း လိုင်းအလိုက် ယာဉ်အရေအတွက်တွေ၊ မှတ်တိုင်အလိုက် ရောက်ရမယ့် အချိန်တွေကို ပြန်လည်စီစဉ်ဖို့လည်း လိုမယ်ထင်ပါတယ်။ နောက်ပြီး ဘတ်စ်ကားမှတ်တိုင်တွေဟာ သူများတွေဆီမှာတော့ အတွင်းကိုချိုင့်ဝင်ပြီး Bus bay ထဲဝင်ရပ်တဲ့အတွက် ဘတ်စ်ကားရပ်နေလို့ အခြားကားတွေကို အနှောင့် အယှက်မဖြစ်ပါဘူး။ ဒီမှာက ချိုင့်မဝင်တဲ့အပြင် လမ်းမပေါ်မှာပဲနှစ်ထပ်ရပ်ကြ၊ ကားခေါင်းကြီးတွေ အပြင်ကိုဆွဲထုတ်ထားကြတော့ လမ်းသုံးလမ်းက ဘတ်စ်ကားတွေနဲ့ပဲ ပြည့်နေတော့တာပါပဲ။ ဒါ့အပြင် သူများတွေဆီမှာ ဘတ်စ်ကားတွေ မှတ်တိုင်ထဲကနေ ထွက်လာရင် အခြားကားတွေက ဘတ်စ်ကားကို ဦးစားပေးပြီး ထွက်စေဖို့သတ်မှတ်ထားပါတယ်။ အချို့နေရာတွေမှာဆိုရင် ထွက်လာတဲ့ဘတ်စ်ကားကို လွတ်လပ်စွာထွက်သွားနိုင်ဖို့ အခြားကားက လမ်းပေါ်မှာ ရပ်ကိုစောင့်ပေးရမယ်ဆိုတဲ့ မဖြစ်မနေလိုက်နာရမယ့် Give Way to Buses Existing နဲ့ သတ်မှတ်ထားပါတယ်။ ဖောက်ဖျက်ရင် အပြစ် ကြီးပါတယ်။ မီးပွိုင့်မှာစထွက်ရင် မီးစိမ်းထဲမှာ B ဆိုတဲ့စာလုံးနဲ့ ဘတ်စ်ကားကို ဦးစွာထွက်နိုင်အောင် လုပ်ပေးတာလည်းတွေ့ပါတယ်။ ဆိုလိုတာကတော့ ဘတ်စ်ကားတွေ လမ်းအသုံးပြုခွင့်ကို စနစ်တကျနဲ့ ဦးစားပေးဖို့ကိုယ့်နည်း ကိုယ့်ဟန်နဲ့ မဖြစ်မနေလုပ်ရမယ်လို့ ပြောချင်တာပါပဲ။ သူတို့ စည်းကမ်း ဖောက်ရင်လည်း ပြင်းပြင်းထန်ထန် အရေးယူရပါမယ်။
.
လက်ရှိအခြေအနေမှာတော့ ဘာစည်းကမ်းပဲလုပ်လုပ် အာဏာတည်အောင်၊ စည်းကမ်းမဖောက်ရဲအောင် မလုပ်နိုင်တာက ကျွန်တော်တို့ရဲ့ အဓိကကျတဲ့ အားနည်းချက်ဖြစ်နေပါတယ်။
.
သူများတွေဆီမှာက စည်းကမ်းဖောက် တာတွေကို နည်းပညာတွေနဲ့ထိန်းကြတယ်။ ကျွန်တော်တို့က နည်းပညာ အားနည်းနေသေးတော့ လူများများနဲ့ထိန်းရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယာဉ်ထိန်းရဲအင်အားတွေ တိုးဖို့လုပ်နေကြတာကောင်းပါတယ်။ ဆိတ်ကွယ်ရာ မရှိဖို့ကတော့ ပြည်သူ့အားကိုလည်း ယူသင့်တယ်ထင်ပါတယ်။ စင်ကာပူမှာ snap and send ဆိုတာလုပ်တယ်။ လမ်းပေါ်မှာဖြစ်တဲ့ ထူးခြားဖြစ်စဉ်ကို ဦးဆုံးတွေ့တဲ့လူက ဓာတ်ပုံရိုက်ပြီး ပေးထားတဲ့အင်တာနက်လိပ်စာအတိုင်း ပို့ပေးလိုက်တာပါပဲ။ အခု ကျွန်တော်တို့လည်း လုပ်နိုင်နေပြီလေ။ လူတိုင်းနီးပါး ဖုန်းကိုင်နိုင်၊ အင်တာနက်သုံးနိုင်နေကြပါပြီ။ စည်းကမ်းဖောက်နေတဲ့ကားကို ဓာတ်ပုံရိုက်၊ နေရာလေးဖော်ပြပြီးပို့ပေးဖို့ စီစဉ်ပေးနိုင်ရင် သိပ်ကောင်းမှာပါပဲ။ အချို့ကားတွေလုပ်ပုံက စည်းကမ်းအတိုင်းမောင်းနေတဲ့ လူတွေကို စော်ကားရာ ရောက်တာတွေအများကြီးပါ။ ယာဉ်ထိန်းမရှိတဲ့နေရာတွေဆို ပိုဆိုးတာဖြစ်ပါ တယ်။ စိစစ်ပြီးအရေးယူပေါ့။
.
အခု ဒီဆောင်းပါးရေးနေစဉ်မှာပဲ သတင်းစာထဲ မှာ ''ရန်ကုန်၌ ယာဉ်ကြောကျပ်နေရာများအား ယာဉ်ထိန်း ၅ဝဝ ဖြင့် ပုံသေ ရှင်းလင်းသွားမည်''၊ ''ယာဉ်စည်းကမ်းချိုးဖောက်သူများအား အွန်လိုင်းမှတစ်ဆင့် တိုင်ကြားနိုင်ပြီ''ဆိုတဲ့ သတင်းတွေဖတ်ရပါတယ်။ ကြိုဆိုပါတယ်။ ယာဉ် ထိန်းရဲတွေလည်း စမတ်ကျစေချင်ပါတယ်။ နေပူမိုးရွာမရှောင် တာဝန်ထမ်းရ သူတွေဖြစ်လို့ ဘယ်လိုနည်းနဲ့ ခံစားခွင့်အပိုများပေးနိုင်မလဲ စဉ်းစားဖို့ကောင်း ပါတယ်။ အူမနည်းနည်းတောင့်စေချင်တာပါ။ ဌာနဆိုင်ရာအကြီးအကဲတွေကို မှတ်တမ်းစာအုပ်လေးတွေပေးထားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်တာတွေ သတင်းပို့ပေးနိုင်ဖို့ အရင်ကလုပ်ခဲ့ဖူးပါတယ်။ အခု ယာဉ်မရပ်ရ နေရာတွေသတ်မှတ်ပြီး အရေးယူနေတာတွေကောင်းပါတယ်။ လမ်းတွေကို အပြည့်သုံးနိုင်ဖို့က အလွန်အရေးကြီးပါတယ်။
.
အထက်မှာတင်ပြခဲ့သလို ကောင်းတဲ့စနစ်က ရွေးချယ်ခွင့်ရှိရပါမယ်။ ဒီမှာမရပ်ရရင် ဘယ်မှာရပ်ရမလဲဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့ ဖြေနိုင်အောင် လုပ်ကြရပါမယ်။ ဝိုင်းလုပ်ကြရပါမယ်။ ဆက်စပ်လုပ်ကြရပါမယ်။ ပေါင်းလုပ်ကြရပါမယ်။
.
အခုဖြစ်နေတာက မြို့ပြပို့ဆောင်ရေးနဲ့ ပါဝင်ပတ်သက်သူတွေက များလှပါတယ်။
ယာဉ်မောင်းလိုင်စင်ထုတ်ပေးတာက ကညန၊
လုပ်ငန်းလိုင်စင်ထုတ်ပေးတာက ပစန(မီးရထား)။
ရထားပြေးတာက ရထားဝန်ကြီးဌာန။
လမ်းဖောက်တာက ဆောက်လုပ်ရေး၊ မြို့တော်စည်ပင်။
ယာဉ်ထိန်းရဲက ပြည်ထဲရေး။
ယာဉ်ရပ်နားနေရာတွေက စည်ပင်သာယာ။
ကားပြေးတာက ပုဂ္ဂလိက။
ထိန်းသိမ်းတာက မထသ။
အိမ်ရာတွေ ဆောက်လုပ်တာက အိုးအိမ် (ဆောက်လုပ်ရေး)။
ပါဝင်ပတ်သက်သူတွေ များလွန်းတာကြောင့် ထိရောက်အောင် ညှိနှိုင်းပေးနိုင်ဖို့လိုပါတယ်။ စနစ်ကို သီးသန့်တာဝန်ယူထားတဲ့ အဖွဲ့အစည်း ရယ်လို့လည်းမရှိ။ ကားသမားကလည်း ရထားကိုချိတ်ဖို့ မစဉ်းစားခဲ့ဘူး၊ ရထားသမားကလည်း ကားနဲ့ပေါင်းမှလို့ မစဉ်းစားခဲ့ဘူး၊ ဥပမာ၊ အဝေးပြေးကားဝင်းကြီးက မြို့ပတ်ဘူတာတွေနဲ့ မနီးမဝေးပါ။ ဒါပေမယ့် ကားပေါ်က ဆင်းပြီး ရထားပေါ်တက်နိုင်တဲ့ အကွာအဝေးမှာ မရှိဘူး၊ သန့်သန့်လေး စဉ်းစားခဲ့ ကြတော့၊ သပ်သပ်ကလေးစီဖြစ်ပြီး ရထားမှာလည်း လူမရှိ၊ အဝေးပြေး ကားပေါ်ကဆင်းတဲ့ လူတွေရဲ့ ဒုက္ခတွေကလည်း ကြားလို့ မဆုံးပါပဲ။ အဝေးပြေးကားပေါ်ကဆင်း မြို့ပတ်ရထားပေါ် စုပြုံတိုးတက်ပြီး ငွေနှစ်ရာ၊ သုံးရာလောက်နဲ့ ရန်ကုန်ဘူတာကြီးနဲ့ နီးစပ်ရာ ဘူတာတွေ ရောက်ရင် မကောင်းဘူးလား။ သူများတွေဆီမှာ အဲဒီလိုဖြစ်အောင်ကို အထူးတလည် လုပ်နေကြတာပါ။ ကျွန်တော်တို့မှာ ကံကောင်းစွာနဲ့ ရန်ကုန်ဘူတာကြီးက ရန်ကုန်မြို့လယ်မှာ ရှိနေပါသေးတယ်။ ဆင်ခြေဖုံးဘူတာတွေအနီးမှာ ဂိတ်ဆုံးတဲ့ ခေါက်တိုဘတ်စ်ကားတွေ(Feeder buses) ရှိသင့်ပါတယ်။ ဥပမာ အင်းစိန်၊ မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်းစသည်ပေါ့။ ဖြစ်နိုင်ရင် လက်မှတ် တစ်မျိုးတည်းနဲ့ ကားနဲ့ရထား ပေါင်းပြီးစီးလို့ရတဲ့၊ တစ်ခုစီစီးခြင်းထက် ပိုသက်သာတဲ့ လက်မှတ်လုပ်ပေးနိုင်ရင် အလွန်ကောင်းတာပေါ့။ ခေါက်တိုကားက နေ့တွက်မကိုက်တော့ ဘယ်လိုလုပ်နိုင်မလဲ။
.
အထက်မှာ ပြောခဲ့သလိုPark and ride လုပ်ချင်တော့ မြေနေရာ ဘယ်လိုပေးမှာလဲ။ ကားလမ်းပေါ် ကျူးနေကြတာတွေ ဘယ်လို ရှင်းပေးမှာလဲ။ ဝန်ကြီးဌာနများစွာနဲ့ တိုင်းဒေသကြီးအစိုးရ၊ မြို့တော်စည်ပင် စသည် ပါဝင်ပတ်သက်မှုတွေကို မြို့ပြပို့ဆောင်ရေးရှုထောင့်ကကြည့်ပြီး တာဝန်ခံ ညှိနှိုင်းဆောင်ရွက်ပေးဖို့ လိုပါတယ်။ မြို့ပြပို့ဆောင်ရေးဆိုတာ အရောင်းအဝယ်ပစ္စည်း မဟုတ်ပါဘူး။ အများပြည်သူနဲ့ဆိုင်တဲ့ပစ္စည်း(Public goods) ဖြစ်ပါတယ်။ အများပြည်သူတွေရဲ့ သက်သာချောင်ချိမှုကို ဦးတည် ရမှာ ဖြစ်ပါတယ်။ ကိုယ်ရကိုယ်ယူစနစ်နဲ့ ထားလို့မရဘဲ နိုင်ငံတော်က ပါဝင်ထောက်ပံ့ပေးရမှာဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူတွေ stake holders များတဲ့ လုပ်ငန်းကြီးကို စနစ်တကျဖြစ်အောင် ကွပ်ကဲနိုင်ဖို့ ကြားခံလိုအပ်ပါ တယ်။ အဲဒါကတော့ သူများတွေဆီမှာ Land Transport Authority Urban Transport Authority Transit Authority စသည်ဖြင့် ခေါ်ကြတဲ့ ပို့ဆောင်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဖြစ်ပါတယ်။
.
ကျွန်တော်တို့ဆီမှာ ဟိုတစ်လောကဖွဲ့လိုက်ပြီး ဘာကြောင့်မှန်းမသိ ချက်ချင်းပြန်ဖျက်လိုက်တာ ကြားရပါတယ်။ အခုလည်း မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးနဲ့ မြို့ပြပို့ဆောင်ရေးဆိုင်ရာ စီမံချက်ကြီးတွေ ဂျပန်အကူအညီနဲ့ ရေးဆွဲပြီးပြီလို့ ကြားရပါတယ်။ အလွန်ဝမ်းသာဖွယ် ကောင်းပါတယ်။ ဘယ်လို လုပ်မှာလဲ၊ ဘယ်တော့လုပ်မှာလဲ၊ အလွန်အရေးကြီးလှပါတယ်။ အခုပဲ နောက်ကျလှပါပြီTransport Authority ဖွဲ့ဖို့လည်းပါတယ်လို့ ကြားရပါတယ်။ မြန်မြန်ဖွဲ့စေချင်ပါတယ်။
.
အဲဒီအဖွဲ့ဟာလည်း စီမံကိန်းရေးဆွဲတာတွေ၊ လေ့လာသုတေသနပြုတာတွေ၊ ငွေကြေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ၊ ထိရောက်တဲ့ ညှိနှိုင်းမှုတွေ၊ ကွပ်ကဲမှုတွေ လုပ်နိုင်ဖို့ လုပ်ပိုင်ခွင့်ရှိဖို့ လိုပါတယ်။ လုပ်နိုင်ဖို့လည်း လိုပါတယ်။ မူဝါဒ အားဖြင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကို တာဝန်ခံ၊ နာခံရမှာ ဖြစ်ပေမယ့် လွတ်လပ်တဲ့လုပ်ပိုင်ခွင့်လည်း လိုပါတယ်။ အများပြည်သူတွေ အဆင်ပြေပြေဖြစ်တဲ့အဆင့် မရောက်သေးဘူးဆိုရင် ရောက်အောင်ပစ္စည်း ရောင်းသလို ဈေးကွက်က အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ထားလို့မရဘဲ လိုချင်တဲ့အဆင့် ပြည်သူတွေ စိတ်ချမ်းသာတဲ့အဆင့်ရောက်အောင် စီမံဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ သူများတွေ လုပ်ကြတာ တွေအပေါ် စဉ်းစားနိုင်ဖို့လေ့လာမိသမျှ အကျဉ်းတင်ပြချင်ပါတယ်။
.
အထူးသဖြင့် အရင်းအနှီးမရှိရင်၊ ငွေကြေးဆိုင်ရာလုပ်ပိုင်ခွင့်မရှိရင်၊ ဥပဒေနဲ့အညီ ရပ်တည်နိုင်တဲ့ အဖွဲ့အစည်းမဟုတ်ရင် လုပ်ဖို့ခက်ခဲမှာပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အခွန်အကောက်နဲ့ ပြည်သူတွေ ရင်းနှီးပြီးသား လည်းဖြစ်၊ ပေးရတာနဲ့တန်အောင် လုပ်ပေးထားတဲ့ပို့ဆောင်ရေးစနစ်တွေက လည်းကောင်းတော့ မြို့ပြပို့ဆောင်ရေးကို မူလဘတ်ဂျက်အပြင် အခွန်တွေနဲ့ ဖြည့်ဆည်းပေးကြတယ်။ အဲဒီအခွန်တွေရဲ့ အစိတ်အပိုင်းအချို့ကTransit Authority များသို့ တိုက်ရိုက်ထောက်ပံ့ကြတယ်။ ဒေသအစိုးရတွေကတစ်ဆင့် ပေးကြတယ်။ အခွန်အမျိုးအစားဥပမာတွေကတော့ တိုက်ရိုက်အခွန်တွေက လောင်စာဆီအခွန်၊ မော်တော်ယာဉ်ဝယ်ယူမှု၊ အသုံးပြုမှုအခွန်၊ ယာဉ် ရပ်နားခနဲ့ လမ်းဖြတ်သန်းခများ၊ ဒဏ်ကြေးများ စသည် စသည်။ တစ်ဆင့်ခံ အခွန်တွေကတော့ ရထား၊ ကားစနစ်တွေကြောင့် သူ့အလုပ်သမားတွေ သွားရေးလာရေးအဆင်ပြေသွားတဲ့ အလုပ်ရှင်တွေထံကနေ ကောက်တဲ့အခွန်၊ အလုပ်သမားတွေရဲ့ လစာစာရင်းပေါ်ကနေ ရာခိုင်နှုန်းနဲ့ ကောက်ပါတယ်။ နောက်တစ်မျိုးကတော့ အသစ်လုပ်လိုက်တဲ့ မြို့ပြပို့ဆောင်ရေးကြောင့် အကျိုးသက်ရောက်တဲ့နေရာတွေက မြေကွက်တွေ၊ လူနေအိမ်တွေတန်ဖိုး မြင့်တက်တဲ့အပေါ်ကနေ ကောက်တဲ့အခွန်စတာတွေဖြစ်ပါတယ်။ နောက် အရင်းအမြစ်တစ်ခုကတော့ ပုဂ္ဂလိကနPPPလုပ်ရာကနေရတဲ့ ငွေကြေးပဲ ဖြစ်ပါတယ်။ အဲဒီငွေကြေးတွေနဲ့ အများပြည်သူပို့ဆောင်ရေးစနစ်က Transit Authority တွေက လည်ပတ်ကြပါတယ်။
.
တောင်ကိုရီးယားနိုင်ငံရဲ့ ပို့ဆောင်ရေးစနစ်ဟာ တိုင်းပြည်ရဲ့ စီးပွား ရေးဖွံ့ဖြိုးမှုကို ထိရောက်တဲ့အထောက်အကူဖြစ်စေရတဲ့ အကြောင်းရင်း လေးချက်က အရေးကြီးပို့ဆောင်ရေးအခြေခံအဆောက်အအုံများကို အချိန်မီ တည်ဆောက်နိုင်ခဲ့ခြင်း၊ ပို့ဆောင်ရေးလုပ်ငန်းများကို လုံလောက်စွာငွေကြေး ပံ့ပိုးနိုင်ရေးအတွက် Special Accounts for Transport Facilities ကို ၁၉၉၄ ခုနှစ်တွင် ဥပဒေပြဋ္ဌာန်း၍ ဆောင်ရွက်နိုင်ခဲ့ခြင်း၊ ကုန်ကျစရိတ်များတဲ့ ရထားကို အခြေခံတဲ့စနစ်မဟုတ်ဘဲ အမြန်လမ်းမကို အခြေခံပြီးBRT နှင့် HOV lanes များဖြင့် အောင်မြင်စွာချိတ်ဆက်အကောင်အထည်ဖော်နိုင်ခဲ့ ခြင်းနဲ့ အများပြည်သူပို့ဆောင်ရေးမှာ ICT နည်းပညာများကို အသုံးပြုနိုင်ခဲ့ ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
.
စင်ကာပူရဲ့ အများပြည်သူပို့ဆောင်ရေး စနစ်ကတော့ ရထားကို အခြေခံတဲ့စနစ်နဲ့ သွားနေပါတယ်။ ရေရှည်မှာ ဘတ်စ်ကားတွေဟာ ရထားဘူတာရုံဆီပို့ဆောင်တဲ့ ခေါက်တိုခရီးတွေပဲ ကျန်စေချင်တာပါ။ သို့ပေမယ် MRT နဲ့ LRT တွေမပြည့်စုံမီမှာ ကားစနစ် ကို မြှင့်တင်ပေးလျက်ရှိပါတယ်။ ငွေကြေးထောက်ပံ့မှုမူဝါဒကတော့ Capital cost ကို နိုင်ငံတော်ကကျခံပေးခြင်း ဖြစ်ပါတယ်။ ပြေးဆွဲကုမ္ပဏီတွေဟာ operating cost ဖြစ်တဲ့ ပြေးဆွဲစရိတ်နဲ့ လက်ရှိသုံးနေတဲ့ ယာဉ်တွေရဲ့ တန်ဖိုးလျော့စရိတ်ကို ကာမိအောင်ရှာဖွေရမှာ ဖြစ်ပါတယ်။ သက်တမ်း ပြည့်လို့အစားထိုးရမယ့် ယာဉ်တွေအတွက်လည်း နိုင်ငံတော်ကပဲ ကျခံပေးခြင်း ဖြစ်ပါတယ်။
.
စင်ကာပူရဲ့ဦးတည်ချက်ကတော့ ပြည်သူကိုပေးရမယ့် သတ်မှတ်ထား တဲ့ဝန်ဆောင်မှု အရည်အသွေးကို မဖြစ်မနေ ပေးဖို့ပါပဲ။ ပျက်ကွက်ရင်တော့ အမှုကြီးပါပဲ။ ရထားဖျက်သိမ်းရမှုတွေအတွက် ပြေးဆွဲကုမ္ပဏီတွေကို ဒဏ် ကြေးငွေ ကြီးမားစွာ ပေးဆောင်စေတာမျိုးရှိခဲ့ပါတယ်။ စင်ကာပူရဲ့ ၂ဝ၁၃ ခုနှစ် စီမံကိန်းမှာ ရထားလမ်းတွေ မပြည့်စုံမီ နောက် ၁ဝ နှစ်အတွင်းမှာ ဘတ်စ်ကားအစီး ၅၅ဝ ဝယ်ဖို့နဲ့ ပြေးဆွဲစရိတ်လိုငွေတွေကို ဖြည့်ဆည်းပေးဖို့ စင်ကာပူငွေ ၁ ဒသမ ၁ ဘီလီယံလျာထားပါတယ်။ ပုဂ္ဂလိကကုမ္ပဏီတွေက လည်း ဘတ်စ်ကားအစီး ၂၅ဝ ဝယ်ရမှာဖြစ်ပါတယ်။ သူတို့ဆီမှာတော့ ကုမ္ပဏီ နှစ်ခုပဲရှိပါတယ်။
.
ဒီမှာက ရန်ကုန်မှာ ခရီးသည်တင်ဘတ်စ်ကားစီးရေက ၈,ဝဝဝ၊ ယာဉ်ပိုင်ရှင်တွေက ၅,ဝဝဝ ခန့်ရှိတယ်လို့ တစ်လောက ဖတ်လိုက် မိပါတယ်။ ဘယ်လိုထောက်ပံ့ကြမလဲ။ ဘယ်လိုကွပ်ကဲကြမလဲ။ မြန်မြန် ပြင်ကြရပါမယ်။ အဲဒီကိစ္စတွေအတွက် ဒေသကြီးအစိုးရအဖွဲ့က ဥပဒေပြု တယ်လို့လည်းကြားရပါတယ်။
.
အချုပ်တင်ပြရရင်တော့ ယာဉ်ကြောကျပ်တည်း တာတွေ အထိုက်အလျောက်သက်သာဖို့က အခုလုပ်နေတဲ့လမ်းတွေ အပြည့် အဝသုံးနိုင်အောင် လုပ်နေတာတွေကို အင်တိုက်အားတိုက် လုပ်စေချင်ပါ တယ်။ ဖြစ်နိုင်ရင် ဒီမှာမရပ်ရရင် ဘယ်မှာရပ်ရမလဲ ဆိုတဲ့ မေးခွန်းရဲ့အဖြေ အတွက် လမ်းပေါ်မှအပ ကားရပ်စရာနေရာတွေပေါ်အောင် ဝိုင်းလုပ်ကြဖို့ လိုပါတယ်။
.
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်တာတွေကို လူအင်အားနဲ့ ရှင်းနိုင်အောင်လုပ်နေတာတွေကို အားပေးပါတယ်။ ပြည်သူ့အားနဲ့ နည်း ပညာအားတွေကိုလည်း ယူဖို့ကြိုးစားစေချင်ပါတယ်။ စည်းကမ်းဖောက်ရင် ထိရောက်တဲ့ ပြစ်ဒဏ်ဖြစ်ဖို့လိုပါတယ်။ နောက်တစ်ခုကတော့ တင်ပြခဲ့သလို ဘတ်စ်ကားနဲ့ လူအများတင်ဆောင်လာတဲ့ ကားတွေ လမ်းအသုံးပြုခွင့် ဦးစားပေးနိုင်ဖို့ ဖြစ်နိုင်တဲ့နေရာတွေမှာ အကောင်အထည် ဖော်စေချင်ပါတယ်။ အရေးအကြီးဆုံးကတော့ ရှေ့မှာ ကျွန်တော်တို့အားကိုးရမယ့် Transport Authority ကြီး အမြန်ပေါ်ပေါက်လာစေချင်တာပါပဲ။ ဒါမှ တစိုက်မတ် မတ်နဲ့ ထိထိရောက်ရောက်လုပ်သွားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်က နည်းမှန်လမ်းမှန်နဲ့ ထောက်ပံ့ပေးနိုင်ဖို့လည်း လမ်းကြောင်းပေါ်လာနိုင်ပါတယ်။
.
ဘေးက ပြောတာ၊ ရေးတာ လွယ်သော်လည်း လုပ်သင့်လုပ်နိုင်တာလေးတွေ မြန်မြန်လုပ်ပေးစေချင်ပါတယ်။ နေ့တိုင်း နေ့တိုင်း မိုးကြီးချုပ်မှ ကျွန်ုပ်တို့အိမ် ပြန်ရောက်နေရလို့ပါ။
.
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မြို့ပြပို့ဆောင်ရေးပုံပြင် (၂)
မောင်ပြည်အေး
.
ကြေးမုံ သတင်းစာ
၁၃၇၆ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၄ ရက် ၊
၂၀၁၄ ခုနှစ်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
.
[ GRAPHIC : Bombardier YouCity _ Integrated Multimodal Transport System for Sustainable Urban Mobility (ID- 438) _ 2012 June ]

Original Source : https://www.facebook.com/photo.php?fbid=10152632512632754&set=a.10151340822117754.542022.683512753&type=1&theater